Sunday, September 9, 2007

အာလူးကြက်သားဟင်း၊ ပဲပုပ်ထောင်း၊ မှိုဟင်းချို





Coffee prince ကိုရီးယားဇာတ်လမ်းတွဲကို အငမ်းမရ ဆက်တိုက်ကြည့်ချင်တဲ့ စိတ်ကို တားမနိုင်ဆီးမရ ဖြစ်နေတာမို့ အားလုံး အဆင်ပြေသွားအောင် ဟင်းချက်ပြီးမှ ရုပ်ရှင်ထိုင်ကြည့်ရင် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားရအောင်လို့ ဒီနေ့တော့ အကြံကြီးကြီးနဲ့ ဟင်းတွေကို အရင်ချက်ထားမယ်လို့ စိတ်ကူးလိုက်ပါတယ်။ ကြက်သားဟင်းချက်မယ့့်  အာလူးလေးပါ ထည့်လိုက်ရင် နောက်ထပ် ဟင်းသီးဟင်းရွက်အတွက် စဉ်းစားစရာ မလိုတော့ဘူ့း့  အမှန်တကယ်တော့  အပျင်းကြီးတာပါ့  တို့စရာနဲ့ ပဲပုပ်ထောင်းလုပ်မယ်လို့လဲ စိတ်ကူးလိုက်ပြန်သေးတယ်။ ပြီးတော့ ကြက်ရိုးလေးတွေကို ပြုတ်ပြီး ဟင်းရည်သောက်တစ်ခုခုလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။


အဲ့ဒါနဲ့ပဲ စားဖိုမှူးကြီး ကိုရီးယားဇာတ်လမ်းတွဲကို အရှိန်မပြတ် မထစတမ်း (ရုပ်ရှင်လည်းကြည့်၊ ဗိုက်လည်းပြည့်) ဖြစ်ရအောင်လို့ ဟင်းစတင်ချက်ပါပြီ။
ကြက်သား၊ အသဲ အမြစ်တွေကို ရေဆေး ပြီးတော့ ခပ်သေးသေးတုံး၊ ပြီးတော့ ဆား၊ နနွင်း၊ သကြား၊ အချိုမှုန့်လေးနဲ့ နယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ အခွံနွှာပါတယ်။ ပြီးတော့ ငရုတ်သီးအရောင်မှုန့်လေးနဲ့ ရောထောင်းလိုက်ပါတယ်။ အာလူးအခွံနွှာ၊ လေးစိတ်ထိုး၊ ပြီးတော့ ဆားနဲ့ နယ်၊ ရေဆေးပြီးတော့ စစ်ထားလိုက်ပါတယ်။ အားလုံးအသင့်ဖြစ်ပြီဆိုတာနဲ့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီအသင့်အတင့်ထည့်၊ ပြီးတော့ ဆီပူလာပြီဆိုတာနဲ့ နနွင်းမှုန့်လေး နည်းနည်းထည့် ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကိုထည့်ပြီး ဆီသတ်ပါတယ်။ ဆီသတ်တာ မွှေးလာပြီဆိုတာနဲ့ နယ်ထားတဲ့ ကြက်သားတွေထည့်ပြီး သေချာနှံ့အောင် မွှေပါတယ်။ ပြီးတော့ အဖုံးအုပ်ပြီး ၃ မိနစ်လောက် တည်ထားပါတယ်။ ကြက်သားထဲက အရည်နဲ့ သူ့ဘာသာသူ တစ်ရေလောက် ပေးနပ်လိုက်တာပါ။ ပြီးတော့ ဟင်းအိုးအဖုံးပြန်ဖွင့်၊ ရေလေးနည်းနည်းထည့်ပြီး မွှေလိုက်ပြီးတော့ အာလူးကို ထည့်၊ ထပ်မွှေပြီးတော့ အဖုံးပိတ်ထားလိုက်ပါ။ နောက်ထပ် ၅ မိနစ်လောက်နေရင် ဟင်းအိုးလည်းဆီပြန်၊ အာလူးလည်း နူး၊ ကြက်သားထဲလည်း အရသာဝင်ပြီ။ အပေါ့အငန်လိုတာလေးကို မြည်း၊ ပြီးတော့ မာဆလာလေး ကမန်းကတမ်းအုပ်၊ တစ်ခါထပ်မွှေပြီးရင် ဟင်းအိုးကို ချလိုက်လို့ ရပြီလေ။ အဲ့ဒါဆိုရင်တော့ အာလူးကြက်သားဟင်းလေးရပါပြီရှင်။
တဆက်တည်း ပဲပုတ်ထောင်းနည်းလေးကို ပြောပြပါရစေဦးနော့့် 
ပဲပုပ်ချပ်လေးတွေကို မီးကင်လိုက်ပါ။ ပြီးတော့ မညက်တညက်လေး ထောင်းလိုက်ပါ။ ခရမ်းချဉ်သီးကို မီးအုံးပါ။ (မီးအုံးဖို့ အဆင်မပြေရင် အိုးတစ်လုံးထဲ ရေနည်းနည်းထည့်ပြီး ခရမ်းချဉ်သီးကို ရေခမ်း ပြုတ်ပါ။) အနံ့မွှေးပြီး ခရမ်းချဉ်သီးအခွံလဲ အရောင်ပြောင်းပြီး မည်းမည်းလေးဖြစ်သွားပြီဆိုရင်တော့ အအေးခံ၊ အပြင်ခွံတွေခွါပြီး အထဲက အသားတွေကို သေချာညက်အောင် ချေပေးပါ။ ငရုတ်သီးစိမ်း၊ မှည့် အဲ့ဒါတွေကို သီတံလေးနဲ့ သီပြီး တော့ ကင်ရင်ကင်၊ မကင်ဘူးဆိုရင်တော့ ဒယ်အိုးထဲ ရေနည်းနည်းထည့်၊ ငရုတ်သီးစိမ်းတွေကို အညှာခြွေပြီးတော့ ဆားလေးနည်းနည်းထည့်ပြီး ရေခမ်းပြုတ်လှော်လေး လုပ်ပါ။ ကြက်သွန်ဖြူကိုလဲ မီးကင်ပြီး ဓါးပြားရိုက်ပါ။ ငရုတ်သီးစိမ်းကိုလည်း ခပ်ပါးပါးလေးတွေ ညှပ်၊ နောက်ပြီးတော့ ပဲပုတ်ထောင်းကိုထည့်၊ ဆား၊ အချိုမှုန့်လေးနည်းနည်းထည့်၊ ခရမ်းချဉ်သီးမီးဖုတ်အနှစ်လေးတွေ ထည့်ပါ။ ကြက်သွန်မြိတ်ပါးပါးလေးတွေ ထည့်ပါ။ နံနံပင်ကြိုက်တတ်ရင် နည်းနည်းထည့်လိုက်ပါ။ ဓါတ်ပုံထဲမှာတော့ ကြက်သွန်မြိတ်ရော နံနံပင်ရော မပါဘူး၊ ဈေးမသွားရသေးလို့  ဟိ့  အဲ့ဒါဆို ခရမ်းချဉ်သီးပဲပုပ်ထောင်းရပြီ။
ကြက်ရိုးကို ရေဆေးပြီးတော့ ဆား၊ သကြား၊ အချိုမှုန့်နဲ့နယ်၊ ပြီးတော့ဂျင်းတွေ အလွှာလိုက်လေးတွေလှီးပြီးတော့ ကြက်ရိုးပြုတ်မယ့်အိုးထဲထည့်၊ ရေထည့်ပြီး တည်ထားပါ။ ဟင်းရည်တစ်ခါ ပွက်ပွက်ဆူလာရင်တော့ ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး ထည့်လိုက်ပါ။ ကြက်သွန်နီကို လေးစိပ်ထိုးပြီး ထည့်လိုက်ပါ။ ပြီးတော့ ဟင်းအိုးကို အရည်ကျ အောင် ထပ်တည်ပေးပါ။ ဟင်းအိုးပွက်ပွက်ဆူပြီး ကြက်ရိုးလည်း နူးလောက်ပြီဆိုရင်တော့ အပေါ့အငန်မြည်းပြီး တိုဟူးလေးကို လှီးထည့်ပါ။ တိုဟူးထည့်ပြီးလို့ ဟင်းအိုးထပ်ဆူပြီဆိုရင်တော့ မှိုလေးတွေထည့်၊ ပြီးတော့ ကြက်သွန်မြိတ်လေးတွေ ထည့်လိုက်ပါ။ ခဏလေး အုပ်ထားလိုက်ပါ။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ဟင်းအိုးချလို့ရပြီ။ ဟင်းချိုရည်လေးကို ဒီအတိုင်းသောက်လို့ရသလို အဲ့ဒီဟင်းချိုရည်လေးထဲကို ကြက်သွန်စိမ်းလေးပါးပါးလှီးထည့်၊ သံပုရာရည်လေးညှစ်၊ ငရုတ်သီးအကျက်မှုန့်လေးထည့်ပြီးလည်း သောက်လို့ရပါတယ်။ ကျွန်မကတော့ နှစ်မျိုးလုံးသောက်လိုက်တယ့့်  ဟိ့ ဗိုက်တင်းပြီ့ 
coffee prince လေးနဲ့ နှပ်လိုက်ဦးမယ်နော့့်

0 comments:

Post a Comment