Sunday, September 9, 2007

ကြာဇံပြားကြော်





ဒီနေ့တော့ ချစ်မောင်နှမတွေအတွက် ကြာဇံပြားကြော်လေး ကြော်ကျွေးပါရစေဦးနော်။ ကြာဇံအပြားဆိုတာက ပဲကြာဇံအပြားကို ပြောတာပါ။ ပုံမှန်အားဖြင့် ပဲကြာဇံကို လူအများသိတာကတော့ ဂျုံကြာဇံရယ်လို့ သိကြတာပါ။ လိုအပ်တဲ့ပစ္စည်းတွေကို ပြောပါရစေနော်။ ပဲကြာဇံပြား၊ ကြက်သား၊ ကြက်သည်းကြက်မြစ်၊ ပြည်ကြီးငါး၊ ဘဲဥ (ကြက်ဥလည်း ရတယ်နော်)။ ကြွက်နားရွက်မှို၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ မှို (မှိုဖြူဖြူရှည်ရှည်လေးနဲ့ ရှီမဲဂျိမှို)၊ ပဲတောင့်ရှည်၊ ကြက်သွန်ဖြူနီ စတာတွေပါ။ အသားရယ်၊ အသီးအရွက်ရယ်က ကိုယ်နှစ်သက်သလို ထည့်လို့ရပါတယ်နော်။

ကြာဇံကို ၁၅ မိနစ်ခန့် ရေစိမ်ထားပါ။ ကြွက်နားရွက်မှိုကိုလည်း ရေနွေးလေးနဲ့ စိမ်ထားပေးပါနော်။ ပြီးတော့ ကြက်သားအသည်းအမြစ်တို့ကို လိုသလိုလှီးပြီးတော့ ဆား၊ သကြား၊ အချိုမှုန့်နဲ့ နယ်ပြီးနှပ်ထား။ ပြီးတော့ ပြည်ကြီးငါးကိုလည်း သန့်ရှင်းအောင်လုပ်ပြီး ဆားသကြားအချိုမှုန့် နည်းနည်းနဲ့ နှပ်ထားနော်။ အသီးအရွက်တွေကို လှီးချွတ် ဆေးကြောပြီး ရေစစ်ထားနော်။ ကြွက်နားရွက်မှိုကို ရေစစ်ထားလိုက်နော်။ အဲ့ဒါတွေ လုပ်ပြီးတဲ့ အချိန်လောက်ကျရင် ကြာဇံကိုရေတွေသွန်ပြီး ရေစစ်ထား၊ ပြီးတော့မှ ပဲငံပြာရည်အပျစ်၊ ဆား၊ သကြား၊ အချိုမှုန့် နဲ့နယ်ထားလိုက်ပါနော်။ ၀က်အူချောင်းကြိုက်တတ်ရင်လည်း ထည့်လို့ရတယ်နော်။ ဘဲဥနှစ်လုံးကိုလည်း သေချာ ခေါက်ထားပေးလိုက်ပါနော်။ ကြက်သွန်ဖြူဓါးပြားရိုက်ထားပါနော်။ ကြက်သွန်နီကို အတုံးလေးတွေ လှီးထားပါနော်။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဆီထည့်၊ ဆီပူလာရင် ဘဲဥအရင်ထည့်ကြော်၊ ကျက်ပြီဆိုရင်တော့ ပန်းကန်တစ်ချပ်ထဲကို သပ်သပ်ဖယ်ထားလိုက်ပါ။ ပြီးလျှင် ကြက်သွန်ဖြူနီကို ထည့်ပြီး ဆီမွှေးသတ်၊ ကြက်သွန်ဖြူနီ အနံ့မွှေးလာပြီဆိုရင် အသားထည့်ပြီး ကြော်ပါ။ အသားလေးတွေ တင်းလာပြီး အရောင်ရဲရဲလေး ဖြစ်လာပြီဆိုရင် ပြည်ကြီးငါးတွေကို ထည့်၊ မြန်မြန်လေးမွှေ၊ ပြီးတာနဲ့ လှီးထားတဲ့ အသီးအရွက်တွေထဲက အနူးကြာမယ့် ရှိမဲဂျိမှိုထည့်၊ ပြီးတော့ မုန်လာဥနီထည့်၊ ကြွက်နားရွက်မှိုထည့်၊ ဂေါ်ဖီထည့်၊ ပြီးတော့ ပဲတောင့်ထည့်ပြီး မွှေပေး၊ နောက်ဆုံးကျတော့မှ မှိုအဖြူမျှင်မျှင်လေးတွေထည့်မွှေ၊ နောက်ဆုံးမှာ ဆား၊ သကြား၊ အချိုမှုန့်လေး နည်းနည်းထည့်မွှေ၊ ခဏလေးအဖုံးအုပ်ထား၊ ပြီးရင်တော့ အဲ့ဒီအသီးအရွက်တွေကို တခြားပန်းကန် တစ်ချပ်ထဲ ဖယ်ထားလိုက်ပါနော်။ ပြီးတော့မှ ဒယ်အိုးထဲ ဆီလေးနည်းနည်းလေး ထပ်ထည့်ပြီး ကြာဇံပြားကိုထည့်၊ ကြာဇံပြားထည့်ပြီးတာနဲ့ ခုနက အသီးအရွက်ကြော်ထဲက အရည်တွေကို ထည့်ပြီး ခပ်မြန်မြန် သွက်သွက်လေး ကြော်ပေး၊ ကြာဇံပြားလေး နူးလောက်ပြီဆိုတာနဲ့တပြိုင်နက် ဟင်းသီးဟင်းရွက်ကြော်တွေကို ကမန်းကတမ်းထည့်ပြီးတော့ ကြာဇံပြားနဲ့ ဟင်းသီးဟင်းရွက်နှံ့အောင် သေချာမွှေပေးပါ။ အဲ့ဒီအချိန်မှာ မီးကို လျော့ထားလို့ရပြီနော်။ သေချာနှံ့သွားပြီဆိုတာနဲ့ အပေါ့အငံမြည်း၊ အရသာက အနေတော်လေးပဲ ဆိုရင်တော့ မီးပိတ်လိုက်လို့ရပြီ။ ဘဲဥကြော်ကို မထူမပါး ခပ်မြန်မြန်လေးလှီးပြီးတော့ အပေါ်ကနေဖြူးလိုက်နော်။ အချဉ်အတွက် သခွါးသီးကို ပါးပါးလှီး၊ ကြက်သွန်ဖြူလေးကို ပါးပါးလှီး၊ ငရုတ်သီးစိမ်းလေး ပါးပါးလှီး၊ ပြီးတော့မှ ဆား၊ သကြား၊ အချိုမှုန့်လေး နည်းနည်းထည့်၊ သံပုရာရည်လေးညှစ်ထည့်လိုက်ပြီး မွှေလိုက်ပါနော်။
စားဖို့အတွက် ကြာဇံပြားကြော်လေးကို ပန်းကန်ပြားထဲထည့်၊ အသီးအရွက်အသားအကုန်အချိုးညီအောင် ထည့်ပါနော်။ အဲ့ဒါတော့မှ အရောင်လည်းစုံမယ်၊ အာဟာရဓါတ်လဲ အစုံရမယ်လေ။ အချဉ်လေးနဲ့ တွဲပြီး သုံးဆောင်ပါနော်။ ဟင်းရည်ကို တော့ ဟိုနေ့က ချက်ထားတဲ့ တုံယမ်းဟင်းရည်လေးနဲ့ပဲ စားလိုက်တော့နော့့်  ဟိ့ 

0 comments:

Post a Comment