Sunday, September 2, 2007

ပုဇွန်ခွက်ကြော်





ပုဇွန်ခွက်ကြော်လို့သာ နာမည်တပ်လိုက်ရတယ်။ ဟီ့း့  မြန်မာပြည်က ပုဇွန်ခွက်ကြော်နဲ့ မတူဘူး။ ပဲပင်ပေါက် ၀ယ်မထားမိတော့ ရှိတဲ့ မုန်လာဥနီရယ်၊ ပြောင်းဖူးစေ့ရယ်၊ ပဲစိမ်းစေ့ရယ်နဲ့ ပုဇွန်ကို ကြော်ထားတာပါ။
မုန့်နှစ်ဖျော်ဖို့ အရင်ပြင်ပါတယ်။ တန်ပူရာမှုန့်ကို ရေလေးနဲ့ မပျစ်မကျဲလေး ဖျော်ပါတယ်၊ အဲ့ဒီအထဲကို ချင်းလေးနဲ့ ကြက်သွန်ဖြူလေး ခြစ်ထည့်လိုက်ပါတယ်။ ပြီးတော့ ဆားနည်းနည်း၊ အချိုမှုန့်လေး နည်းနည်းထည့်၊ ပြီးတော့ ပဲငံပြာရည်အပျစ်လေးနည်းနည်းထည့်ပါတယ်။ အဲ့ဒီမုန့်နှစ်ကို သေချာ မွှေထားပေးပါတယ်။ ပုဇွန်အကောင်လတ် လေးတွေကို ခေါင်းဖြတ်၊ သန့်ရှင်းရေးလုပ်ပြီး ရေစစ်ထား၊ မုန်လာဥနီကို သေးသေးအတုံးလေးတွေ လှီး၊ ပဲစိမ်းစေ့လေးတွေကို ထည့်၊ ပြောင်းဖူးစေ့လေးတွေကို ခြွေထည့်ထား။ ပြီးရင် မုန့်နှစ်ဖျော်ထားတဲ့အထဲကို ခုနက ဟင်းသီးဟင်းရွက်တွေထည့်၊ ပြီးတော့ ပုဇွန်ကို ထည့်ပြီး နယ်ထားပါနော်။
အချဉ်ရည်ဖျော်ဖို့အတွက် မန်ကျည်းသီးကို ရေနွေးနဲ့ စိမ်ထားပါ။ ကြက်သွန်ဖြူ ဓါးပြားရိုက်ထားပါ။ ငံပြာရည်၊ ပဲမှုန့်အကျက်မှုန့်၊ ငရုတ်သီးအလှော်မှုန့်တို့ကို အဆင်သင့်ပြင်ထားပါနော်။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဒယ်အိုးထဲ ဆီများများထည့်၊ ဆီပူလာပြီဆိုရင်တော့ ခုနက ပုဇွန်နဲ့အသီးအရွက်မုန့်နှစ်တွေကို လက်ဖက်ရယ် ပန်းကန်ပြားထဲ ထည့်ပြီး အသာလေး ဒယ်အိုးထဲကို သပ်ချပေးပါ။ အဲ့ဒီလို ကြော်တဲ့အချိန်မှာ မီးမပြင်းစေဘဲ အနေတော်လောက် ထားပြီး ကြော်ပါ။ တစ်ဘက်က အရောင်လေး ရဲလာပြီဆိုရင်တော့ ဟိုဘက်တစ်ဘက်ကို အသာလေး လှန်ပေးပါ။ ဒယ်အိုးက ကျဉ်းတော့ တစ်ခါကြော်ရင် တစ်ခုပဲ ထည့်လို့ရတယ်။ နောက်မဟုတ်ရင် ကပ်ကုန်မှာစိုးလို့ပါနော်။ အကြော်ကောင်းကောင်း ကျက်ပြီဆိုရင်တော့ ဆီစုပ်တစ်ရှူးတင်ထားတဲ့ ပန်းကန်ပြားကြီးကြီးထဲမှာ အကြော်ကို ထည့်၊ ဆီစစ် အအေးခံထားလိုက်ပါနော်။
အခု အချဉ်ရည်ဖျော်နည်းကို ပြောပြပါဦးမယ်နော်။ အချဉ်ဖျော်နည်းက မော်လမြိုင်ဘက်က အချဉ်ရည် ဖျော်နည်းပါ။ ပန်းကန်လုံးကြီးကြီးတစ်ခုထဲမှာ မန်ကျည်းနှစ်တွေကို စစ်ထည့်၊ ပြီးတော့ ငံပြာရည်ထည့်၊ အချိုမှုန့်လေး နည်းနည်းထည့်၊ ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပြီး သေချာမွှေပေးပါနော်။ ပြီးတော့မှ အဲ့ဒီအရည်ကို စားမယ့် ပန်းကန်လုံးလေးထဲ ထည့်၊ အပေါ်ကနေ ပဲမှုန့်အကျက်ထည့်၊ ငရုပ်သီးအလှော်မှုန့်ထည့်ပါ။
ခုနက အကြော်ပူပူနွေးနွေးကို အချဉ်ရည် မွှေးမွှေးစပ်စပ်ချဉ်ပြုံးလေးနဲ့ တို့စားတတ်သလို အဲ့ဒီအကြော်တွေကို ညှပ်ပြီးတော့ အပေါ်ကနေ အချဉ်ရည်လောင်းထည့်ပြီး အသုပ်လို သုပ်ပြီးတော့လဲ စားတတ်ပါတယ်။ ဆတ်လတ်ရွက်၊ ကြက်သွန်မြိတ်၊ နံနံပင်တို့နဲ့ တွဲပြီး စားတတ်ကြပါတယ်။ ရေနွေးကြမ်းပူပူလေးကို တဖူးဖူးနဲ့ မှုတ်သောက်ရင်းနဲ့  ပုဇွန်ခွက်ကြော်စတိုင်လ်အသစ်လေးကို အားပေးကြပါဦးနော့့် 

0 comments:

Post a Comment