Friday, August 17, 2007

ခေါက်ဆွဲကြော်



ရေနွေးအိုးတည်ပြီး ခေါက်ဆွဲကိုအရင်နူးအောင် ပြုတ်ပါ။ ပြီးလျှင် ရေဆေး၊ရေစစ်ပြီးဆယ်ထားပါ။ ရေစစ်သွားပြီဆိုရင်တော့ ပဲငံပြာရည်နည်းနည်းထည့်ပြီး နယ်ထားပေးလိုက်ပါ။ ကြက်သား သို့မဟုတ် ကြိုက်နှစ်သက်ရာ အသား၊ အသဲ၊ အမြစ်တို့ကို ခပ်သေးသေးလှီးကာ ဆား၊ သကြား၊ အချိုမှုန့် အနည်းငယ်၊ ဂျုံမှုန့်သို့မဟုတ်ကော်မှုန့်အနည်းငယ်ဖြင့် နယ်ကာ နှပ်ထားပေးပါ။ ၀က်အူချောင်း ကြက်အူချောင်း ကြိုက်တတ်လျှင် ထည့်ကြော်ပါ။ ခေါက်ဆွဲကြော်ထဲထည့်မယ့် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ ရှီမဲဂျိမှို၊ ဂေါ်ဖီ၊ ပဲပင်ပေါက် စတာတွေကိုလှီးချွတ်ဆေးကြောပြီး ရေစစ်ထားပါ။ ကြက်ဥကို သေချာခေါက်ထားပါ။
မီးဖိုပေါ် ဒယ်အိုးတင်ပြီး ဆီကိုအနေတော်မှန်းပြီး ဆီပူအောင်တည်ပါ။ ဆီပူလာရင် ကြက်ဥအရင်ထည့်ကြော်ပါ။ ပြီးရင် ပန်းကန်တစ်ချပ်ထဲသို့ သီးသန့်ဖယ်ထားလိုက်ပါ။
ပြီးလျှင် ကြက်သွန်ဖြူနီကို ထည့်ပြီး ဆီမွှေးသတ်ပါ။ ကြက်သွန်ဖြူနီ
အနံ့မွှေးလာပြီဆိုရင် အသားထည့်ပြီး ကြော်ပါ။ အသားလေးတွေ တင်းလာပြီး
အရောင်ရဲရဲလေး ဖြစ်လာပြီဆိုရင် ခုနကလှီးထားတဲ့ အသီးအရွက်တွေထည့် (အနူးခက်တဲ့ ဟင်းသီးဟင်းရွက်တွေအရင်ထည့်၊ ပြီးမှ ပဲပင်ပေါက်လို အနူးလွယ်တာကို ထည့်ပါ)
ဆား၊ အချိုမှုန့်လေးနည်းနည်းထည့် ပြီးရင် ခဏလေးအဖုံးအုပ်ထားပါ။ နောက်ဆုံးမှာတော့ ခေါက်ဆွဲထည့်ပြီး အသားအသီးအရွက်တွေနဲ့ သမအောင်မွှေပေးပါ။ ပြီးရင် အရသာ အပေါ့အငံကိုမြည်းပြီး တရုတ်နံနံလေးအုပ်ပြီး မီးပိတ်လို့ ရပါပြီ။ ခုနက
ကြော်ထားတဲ့ ကြက်ဥကို လက်တစ်လုံး အထူလောက်လေးတွေ လှီးပြီး အပေါ်က ဖြူးလိုက်ပါ။
ကဲ နောက်ဆုံးအဆင့်ကတော့ အိုးထဲက ခေါက်ဆွဲကြော်တွေကို ပန်းကန်ပြားလေးထဲ
ထည့်ပြီးတော့ ငရုတ်ကောင်းမှုန့်လေးဖြူးလိုက်နော်။ အချဉ်သုပ်ကိုတော့
ကြက်သွန်နီနဲ့ သခွါးသီးကို ပါးပါးလှီး၊ ငရုတ်သီးစိမ်းလေးအုပ်၊ ဆား၊
သကြားလေးထည့်၊ သံပုရာရည်လေးဆမ်းပြီး သုံးဆောင်ပါနော့့် 

1 comment:

  1. မင်္ဂလာပါ အစ်မလု /
    အစ်မလု ခေါက်ဆွဲကြော်နည်း နှင့် တရုတ်စားသောက် ဆိုင်များမှ ကြော်နည်းမည်သို့ကွဲပြားပါသနည်း။ တရုတ်စားသောက်ဆိုင်မှ ကြော်နည်းကို သိလိုသောကြောင့်ဖြစ်ပါသည်။ ကူညီနိုင်ပါက ကူညီပေးစေလို ပါသည်။ ကျေးဇူးတင်ပါတယ် အစ်မလု။
    ( ET လေး )

    ReplyDelete