Monday, January 28, 2013

ပျားရည်ဆမ်း ကြက်ပေါင်းကြော်





          ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင့့် 
          ဒီနေ့မှာတော့ မောင်နှမတွေအားလုံးအတွက် ပျားရည်ဆမ်းကြက်ပေါင်းကြော်လုပ်နည်းလေး မျှဝေပေးပါရစေရှင့့် 
ကြက်ပေါင်နယ်နှပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေက အရွယ်လှလှ ကြက်ပေါင် (၇) တုံး၊ ချင်း လက်နှစ်ဆစ်၊ ကြက်သွန်ဖြူ (၇) မွှာ၊ (ချင်းနဲ့ ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းပြီး အရည်ကိုပဲ ယူပါမယ်) ကြက်သားမှုန့် လက်ဘက်ရည်ဇွန်း (၂) ဇွန်း၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း (၁) ဇွန်း၊ ပျားရည် ထမင်းစားဇွန်း (၂) ဇွန်း၊ နှမ်းဆီမွှေး လက်ဘက်ရည်ဇွန်း (၁) ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဘက်ရည် ဇွန်းတစ်ဝက် (အနံ့မကြိုက်ရင် မထည့်လည်း ရပါတယ်နော်) တို့ပါနော်။
ကြက်ပေါင်ကို သန့်ရှင်းစင်ကြယ်အောင်ဆေးပြီး ရေတွေခြောက်သွားအောင် တစ်သျှူးနဲ့ သုပ်ပေးပါ။ ကြက်ပေါင်တွေမှာ လုံးဝ ရေမရှိတော့ဘဲ ခြောက်သွားတဲ့အခါ အခုနက ပြောထားတဲ့ အဆာပလာတွေနဲ့ သေချာ သမအောင် နယ်ပြီး ရေခဲသေတ္တာထဲထည့်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ။
အဲ့ဒီအချိန်မှာ ရေနွေးအိုးပွက်ပွက်ဆူအောင် တည်ထားပါ။ ရေနွေးအိုးတည်ထားတဲ့အချိန် ကြက်သားတွေကို ပေါင်းအိုးမှာ ပေါင်းမယ့် ဇကာအဆင့်မှာ အောက်မှာ မုန်ညင်းဖြူရွက်လေး သို့မဟုတ် ဂေါ်ဖီရွက်ခင်းပါ။ ရေနွေးဆူတာနဲ့ ခုနက နှပ်ထားတဲ့ ကြက်သားတွေကို ပေါင်းမယ့်ဇကာထဲမှာ ပေါင်တွေကို အရင်းပိုင်းနဲ့ အဖျားပိုင်း တစ်လှည့်စီ ထည့်ပြီး စီပေးပါနော်။ ပြီးတော့ ရေနွေးငွေ့နဲ့ မိနစ် (၂၀) ပေါင်းပေးပါ။ မိနစ် (၂၀) ပြီးရင် ဟိုဘက်ဒီဘက်လှန်ပြီး နောက်ထပ် (၁၀) မိနစ်ပေါင်းပါ။ ပေါင်လေးတွေ စီပြီးတဲ့အခါ နယ်နှပ်ထားတဲ့ အရည်တွေ ကျန်နေပါမယ် မသွန်ပစ်ပါနဲ့နော်။  
ကြက်ပေါင်းကြော်အတွက် ဆီ (၅) ကျပ်သား ဒယ်အိုးထဲထည့်ပါ။ ဒယ်အိုးနဲ့ ဆီပူလာရအောင် မီးအား အမြင့်ဆုံးနဲ့ အပူပေးပါ။ ပြီးရင် ပေါင်းထားတဲ့ ကြက်ပေါင်တွေကို ထည့်ကြော်ပါ။ မီးပြင်းနဲ့ ကြော်ရတာ ပေါင်းထားတဲ့အသားတွေ မပဲ့သွားရအောင်နဲ့ ကြက်ပေါင်လုံး မပျက်ဖို့ပါ။ အကြာကြီး ကြော်စရာ မလိုပါဘူး၊ အပေါ်ယံကြောလေး တင်းသွားရအောင်လို့ပါ။ ပြီးတာနဲ့ ဒယ်အိုးထဲမှာ ထမင်းစားဇွန်း (၂) ဇွန်းစာလောက် ဆီချန်ခဲ့ပြီး ကျန်တဲ့ဆီတွေကို ခပ်ထုပ်ပစ်လိုက်ပါ။ ပြီးတော့မှ ကြက်ပေါင်နယ်နှပ်ပြီး ကျန်တဲ့အရည်တွေကို ထည့်ပြီး မြန်မြန်လေး သမအောင်မွှေ၊ ဒယ်အိုးထဲမှာ အဲ့ဒီအရည်လေးတွေ ပျစ်လာတဲ့အချိန် မီးကို လုံးဝပိတ်၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းလောင်းထည့်ပြီး အားလုံး သမအောင် မွှေပေးလိုက်ရင်တော့ အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ပျားရည်ဆမ်း ကြက်ပေါင်းကြော်လေး ရပါပြီနော့့် 
နာလန်ထခါစ လူမမာများအတွက်လည်း အရမ်းကို အားရှိစေပါတယ့့်  ကလေး၊ လူကြီးများအတွက်လည်း စားဖို့ သင့်တော်တဲ့ ဟင်းလေးပါပဲ။ လုပ်ရတာ လက်ဝင်တယ်လို့ ထင်ရပေမယ့် တကယ့်ကို ပျားရည်နံ့မွှေးမွှေးလေးနဲ့ အိအိလေးမို့ တစ်လမှာ တစ်ခါလောက် စမ်းပြီး လုပ်စားကြည့်ပါဦးလို့ 

အချဉ်အတွက် ဘိတ်ချဉ်လေး လုပ်၊ ဆတ်လတ်ရွက်သုပ်လေး၊ တုံယမ်းဟင်းရည်သောက်လေးနဲ့ဆိုရင် အရမ်းကို လိုက်ဖက်တဲ့ ဟင်းပွဲလေး ရပါပြီနော့့် 

5 comments:

  1. ပျားရည်ဆမ်းကြက်ပေါင်းကြော် ချက်နည်းလေးမှတ်သွားတယ် လုလုရေ။
    ချက်ပြုတ်နည်းစုံစုံလင်လင်လေးမို့ ရသလောက်ဖတ်သွားတယ် ကျေးဇူးနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. သမီးအမြဲတမ်း လေးစားရတဲ့အန်တီတင့်ရှင့့် 
      အန်တီ့ဘလော့ဂ်လေးကို အမြဲတစေ မရောက်ဖြစ်ပေမယ့် FB ကနေတစ်ဆင့် အန်တီ့ရဲ့ မေတ္တာတွေ၊ စေတနာတွေ အပြည့်နဲ့ချက်ထားတဲ့ ဟင်းလျာလေးတွေ၊ အန်တီ့ရဲ့ စကားလေးတွေကို ဖတ်ပြီး အမြဲတမ်း လေးစာနေရသူပါအန်တီ့  အန်တီက အခုလာပြီး ကော်မန့်ရေးပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်နော် အန်တီ့ 

      Delete
  2. ပျားရည်းဆမ်းခရီးမှာ ပျားရည်ဆမ်းကြက်ပေါင်းနဲ့ဆွဲလိုက်
    ရရင် ရှယ်ပဲမလုရေ

    ReplyDelete
    Replies
    1. အဲ့ဒါဆို ရှယ်ကောင်းပဲ ဖြစ်သွားမှာပေါ့နော် :D

      Delete
  3. မမ လုလုရေ ၊ အစ်မရေးထားတဲ့ ဒီဟင်းချက်နည်းကို www.akhayar.com/honey-chicken-fried-recipe မှာ ကူးယူးဖော်ပြပြီး ပြန်တင်ထားပါတယ်ခင်ဗျ။ FB မှာတော့ Akhayar Food မှာ တဆင့်မျှဝေထားပါတယ်ခင်ဗျ။ ခွင့်ပြုပါ။ ကြိုက်လို့ပါ။ Blog ကို ပြန်ညွှန်းပေးထားပါတယ်ဗျ

    ReplyDelete