Tuesday, June 15, 2010

ဟင်းသီးဟင်းရွက်ချဉ်ဖတ် (သို့မဟုတ်) အချဉ်တည်နည်း

မြန်မာလို အရပ်သုံးစကား ချဉ်ဖတ်တည်တယ်လို့ဆိုလိုက်ရင် များသောအားဖြင့် အလွယ်ကူဆုံးနည်းအနေနဲ့ မိမိအသုံးပြုလိုတဲ့ ဟင်းသီးဟင်းရွက် (ဥပမာ - ကန်စွန်း၊ မုန်လာ၊ ပဲပင်ပေါက် အစရှိသဖြင့်) ကို ဆန်ဆေးရည် ဒါမှမဟုတ် ထမင်းရည်နဲ့ ဆားတို့နဲ့ ရောပြီး ဖန်ပုလင်း ဒါမှမဟုတ် ပလတ်စတစ်ဗူးသန့်သန့်၊ မြေအိုး၊ စဥ့်အိုးသန့်သန့်တို့ထဲ ထည့်ပြီး စိမ်တာကို ပြေးမြင်ကြပါတယ်။

တကယ်တမ်း အချဉ်တည်တဲ့အခါမှာ ရာသီဥတုပူရင် ဒီနေ့တည်ရင် မနက်ဖြန်သဘက် စားလို့ရတာမျိုးရှိသလို အချဉ်ကို နှစ်ပေါက်ထားနိုင်အောင် တည်တဲ့ အလွယ်နည်းလည်း ရှိသလို ရေရှည်ထားနိုင်သလောက် အထားခံနိုင်အောင်တည်နိုင်တဲ့ နည်းအမျိုးမျိုးရှိတာမို့ ကျွန်မတို့ မိသားစုမှာ အသုံးများတဲ့ နည်းလမ်းတွေကို မျှဝေပေးပါရစေနော်။

ကျွန်မတို့မိသားစုရဲ့ အမေကြီးလို့ ကျွန်မတို့ခေါ်တဲ့ ကျွန်မအတယ် (အဖေ) ဘက်က အဘွားရဲ့ အမကြီးက ကျွန်မတို့ မောင်နှမတွေကို ချဉ်ဖတ်တည်ပြီး ကျောင်းထားပေးခဲ့တာပါ။ ကျွန်မရဲ့အတယ်က ကျွန်မလေးနှစ်သမီးကတည်းက ကွယ်လွန်သွားတော့ ကျွန်မတို့မောင်နှမ တွေကို ကျွန်မတို့အဖေဘက်က အဘွား၊ အမေကြီးနဲ့ ကြီးတော်တွေက ထိန်းကျောင်း သွန်သင်အုပ်ထိန်းခဲ့တာပါ။ အဲ့ဒီတော့ ကျွန်မတို့ဟာ အမေကြီးရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ချဉ်ဖတ်တည်ရောင်းတာကို ကျွန်မတို့ ၀ိုင်းဝန်းလုပ်ကိုင်ရပါတယ်။ ကျွန်မတို့ မောင်နှမမှာ အမေကြီးနဲ့အတူ အဲ့ဒီအလုပ်တွေကို တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ကိုင်ပေးရတာပေါ့နော်။ အဲ့ဒီလို ၀ိုင်းဝန်းလုပ်ကိုင်ရင်း တတ်သိခဲ့သမျှကို ကျွန်မရဲ့မောင်နှမများကို ပြန်လည်မျှဝေပေးပါ့ မယ်နော်။

အချဉ်တည်နိုင်တဲ့ နည်းလေးတွေကိုလည်း မျှဝေလိုက်ပါတယ်နော်။ ကိုယ့်စိတ်ကြိုက် အသုံးပြုလို့ရအောင်လို့ပါနော်။
(၁) ဆန်ဆေးရည် + ဆား + အချဉ်တည်လိုသည့် ဟင်းသီးဟင်းရွက်
(၂) ထမင်းရည် + ဆန်ဆေးရည် + ဆား + အချဉ်တည်လိုတဲ့ ဟင်းသီးဟင်းရွက်
(၃) ဆားရည်ချက် + ထမင်းကြမ်းချေထည့် + အချဉ်တည်လိုတဲ့ ဟင်းသီးဟင်းရွက်
(၄) ဆားရည်ချက် + ကျောက်ချဉ်အနည်းငယ် + အချဉ်တည်လိုတဲ့ ဟင်းသီးဟင်းရွက်
(၅) ဆန်ကို ဆန်ပြုတ်လို မပျစ်မကျဲကျို + ဆား + အချဉ်တည်လိုတဲ့ ဟင်းသီးဟင်းရွက်

နှစ်ပေါက်ထားနိုင်တဲ့သရက်သီး၊ မရမ်းသီး၊ သစ်တိုသီး၊ တညင်းသီး၊ ကြက်ပေါင်သီး အစရှိတဲ့အသီးတွေကို နှစ်ပတ်လည် အထားခံအောင် အချဉ်တည်ပြီး ထားပါတယ်။ အနံ့လုံ အောင်၊ ချဉ်ဖတ်ပျက်မသွားအောင်လည်း စဉ့်အိုးကြီးတွေကို အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားရပါတယ်။

သရက်သီးကင်းလေးတွေကို သပ်သပ်၊ အလုံးကြီးသရက်သီးတွေကို သပ်သပ် ခွဲပြီးတော့ ဆားရည်မစိမ်ခင်မှာ ရိုးရိုးရေနဲ့ အနည်းဆုံး ၃ ရက်ကနေ တစ်ပတ်ထိ စိမ်ပေးရပါ မယ်နော်။ အသီးတွေစိမ်ထားတဲ့ရေကို နေ့တိုင်း မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေလဲပေးရပါမယ်။ အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် သရက်သီးထဲမှာရှိတဲ့ အစေးဓာတ်တွေ ထွက်သွားစေတယ်လို့ အမေကြီးက ပြောပါတယ်။ ပြီးတော့မှ သရက်သီးဆားရည်စိမ်ဖို့ အတွက် ရေနွေးပွက်ပွက်ဆူအောင်တည်၊ ဆားတွေထည့်ပါတယ်။ ပြီးတော့မှ အဲ့ဒီဆားရည်ကို အအေးခံပြီးတော့မှ သရက်သီးတွေကို ထည့်စိမ်ပါတယ်၊ အဲ့ဒီလို စိမ်တဲ့နည်းက နှစ်ပေါက်ထား လည်း သရက်သီးတွေ ပျော့သွားတာမျိုး မဖြစ်ဘဲ မာမာလေးနဲ့ အနံ့အရသာလည်း မပြောင်းလဲဘဲ ကောင်းစေပါတယ်နော်။ တညင်းသီးကို ဆားရည်စိမ်မယ်ဆိုရင်လည်း သရက်သီးကို စိမ်တဲ့နည်းအတိုင်းပဲ ဆားရည်မစိမ်ခင် ရေနဲ့ သုံးရက်ကနေ တစ်ပတ်လောက် ထိ စိမ်ပြီးမှ အချဉ်တည်ပါနော်။ ဒီနည်းကိုတော့ သရက်သီး၊ မရမ်းသီး၊ သစ်တိုသီး၊ ကြက်ပေါင်သီး စတဲ့ အချဉ်အရသာရှိတဲ့အသီးတွေ နှစ်ပေါက်အချဉ်တည်တဲ့အခါ အသီးတွေ မပျော့သွားဘဲ မာမာလေးအတိုင်းပဲ ဖြစ်နေမယ့် နည်းလမ်းပါနော်။

မုန်လာဥချဉ်၊ မုန်လာရွက်ချဉ်၊ မုန်လာခေါင်းချဉ်၊ ကန်စွန်းရိုးနီချဉ်၊ ပဲတီချဉ်၊ ဟင်းဂလာချဉ်၊ ဥာဏ်ပွင့်ချဉ်၊ ကြောင်လျှာသီးချဉ်၊ ရေသရက်ကင်းချဉ်၊ ရေသဖန်းသီး၊ ပန်းမုံလာရိုးတံချဉ်၊ ပန်းမုံလာပွင့်ချဉ် စတာတွေကျတော့ စဉ့်ရည်သုပ်လိမ်းထားတဲ့ အင်တုံကြီး တွေထဲမှာ ထည့်ပြီး အချဉ်တည်ပါတယ်။ နေ့တိုင်းရောင်းကုန်နေတာမို့ တစ်ရက်နဲ့တစ်ရက် ဖောက်သည်တွေ အ၀ယ်လာရင် မျက်နှာမပျက်ရအောင် နေ့စဉ်တစ်အိုးပြီးတစ်အိုး တည်ရပါတယ်။

မုန်လာဥ၊ မုန်လာရွက်နဲ့ မုန်လာခေါင်း (မုန်လာရွက်နဲ့ မုန်လာဥကြားက အဆစ်လေးကို ခေါ်တာပါနော်) တို့ကို အချဉ်တည်မယ်ဆိုရင်တော့ မုန်လာဥတွေကို အပြင်လွှာတွေ ခြစ်ပစ်၊ မုန်လာခေါင်းကြားထဲမှာရှိတဲ့ သဲတွေကိုလည်း သန့်ရှင်းရေးလုပ်၊ ပြီးရင် ရေနဲ့စင်အောင်ဆေး၊ ပြီးတော့မှ ဇကာလေးထဲ ထည့်ပြီး ရေလည်းစစ်အောင်၊ အရွက်လေးတွေလည်း နည်းနည်းနွမ်းသွားအောင် တစ်နေလှန်းပေးပါနော်။ ပုံမှန်အားဖြင့်တော့ မုန်လာ၊ ကန်စွန်း၊ ပဲတီ၊ ဟင်းဂလာ၊ ဥာဏ်ပွင့်၊ ကြောင်လျှာသီး၊ ရေသရက်ကင်း၊ ရေသဖန်းသီး၊ ပန်းမုံလာရိုးတံ၊ ပန်းမုံလာပွင့် စတာတွေကို အချဉ်တည်တဲ့အခါမှာ ကျွန်မတို့ မိသားစုကတော့ နံပါတ် (၃) နည်းကို အသုံးပြုလေ့ရှိပါတယ်။ တစ်ခါချဉ်ပြီးတဲ့ အသီးအရွက် ကုန်သွားခဲ့ပြီး နောက်ထပ် အသီးအရွက်ထပ်ချဉ်ချင်တယ်ဆိုရင် အဲ့ဒီအချဉ်ဖောက်ပြီးသား ဖြစ်နေတဲ့ အချဉ်ရည်ထဲကို အသီးအရွက်တွေ ထပ်ထည့်လိုက်ရုံနဲ့ ရပါတယ်နော်။

ကတက်ချဉ်၊ မန်ကျည်းရွက်ချဉ်၊ တမာချဉ်၊ ကင်းပုံသီးချဉ်စတာတွေကျတော့ တစ်နည်း ပေါ့နော်။ အဲ့ဒီအသီးအရွက်တွေကို အချဉ်တည်တဲ့နည်းကတော့ တခြားအသီးအရွက်တွေကို အချဉ်တည်တဲ့နည်းနဲ့မတူပါဘူးနော်။ ကတက်ရွက်ကို အချဉ် တည်မယ် ဆိုရင် ကတက်ရွက်ကို ရေနွေးနွေးပွက်ပွက်ဆူထဲ နွမ်းသွားအောင် ထည့်ပြုတ်ပြီး ဆယ်ယူ အအေးခံထား၊ ပြီးတော့ ရေအေးနဲ့ စိမ်ထားပေးပါ။ အရွက်တွေကို အနည်းဆုံး ၅ ရက်ကနေ တစ်ပတ်ထိ နေ့တိုင်း ရေစိမ်ပြီး မနက်တစ်ခါ ညတစ်ခါ ရေလဲပေးပါနော်။ ပြီးတော့မှ နံပါတ် တစ်ကနေ ငါးအထိ ကြိုက်တဲ့ နည်းကို အသုံးပြုပြီး အချဉ်တည်နိုင်ပါတယ်နော်။

တမာချဉ်ကျတော့ တမာရွက်တွေကိုနွမ်းသွားရအောင် ရေနွေးပွက်ပွက်ဆူထဲ ခဏ ထည့်ပြုတ်ပြီး ဆယ်ယူပြီး အအေးခံထားလိုက်ပါနော်။ ပြီးရင် မန်ကျည်းသီး ဒါမှမဟုတ် ဆီးသီးရယ် ဆားရယ် ရေရယ်ကို ဆူအောင်တည်ပြီး အအေးခံထားပါ။ ပြီးတော့မှ အဲ့ဒီအချဉ်ရည်အိုးထဲကို တမာရွက်လေးတွေ ဆယ်ယူထည့်၊ အပေါ်အောက်နှံ့အောင်နယ်သိပ် ပေးထားပါနော်။ တစ်ပတ်လောက်ဆိုရင်တော့ တမာချဉ်ကောင်းကောင်းလေး စားလို့ရ ပါပြီနော်။

မန်ကျည်းရွက်ချဉ်ကျတော့ မန်ကျည်းရွက်တွေကို စကာတစ်ခုထဲထည့်၊ ပြီးတော့ အပေါ်ကနေ ရေနွေးပွက်ပွက်ဆူတွေ လောင်းချပေး၊ ပြီးရင် အအေးခံထားပေးပါနော်။ ပြီးတော့မှ မန်ကျည်းရွက်တွေကို ဆားလေးနဲ့နယ်ပေး၊ ပြီးရင် စဉ့်အိုး၊ ပုလင်း စတာတွေထဲ ထည့်သိပ်ပြီး လေလုံအောင် ပိတ်ထားပေးပါနော်။ မန်ကျည်းရွက်ချဉ်က အကြာကြီးထားစား လို့ရတယ်နော်။ ကျွန်မ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တက်တုန်းက မြေလတ်ဒေသဘက်က သူငယ်ချင်းတွေဆိုရင် မန်ကျည်းရွက်ချဉ်တွေ ပုလင်းလိုက် သယ်လာတာကို စားဖူးတယ်။ ဘာလချောင်ကြော်နယ်ပြီး မန်ကျည်းရွက်ချဉ်လေးနဲ့ စားခဲ့တာ သိပ်မြိန်တာပဲ။

အထက်မှာ ပြောခဲ့တဲ့နည်းတွေအတိုင်း ချဉ်ဖတ်တည်လို့ရပါတယ်နော်။ ချဉ်ဖတ်အိုးကို ခပ်တဲ့အခါ ဇွန်းသန့်သန့်နဲ့ ခပ်ပါ၊ ပြီးရင် ချဉ်ဖတ်ကို မစားခင် ရေနဲ့ဆေးပြီးမှ စားရင်တော့ ကျန်းမာရေးအတွက် ပိုပြီးသင့်တော်စေပါတယ်နော်။

ချဉ်ဖတ်ကို ငါးပိရည်ဖျော်၊ ငံပြာရည်ကြော်၊ ဘာလချောင်ကြော် စတာတွေနဲ့ တွဲစားလေ့ ရှိသလိုပဲ ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်းလေးလှီးပြီး သုပ်စားကြတာလည်း ရှိပါတယ်နော်။ ပဲတီချဉ်ကိုတော့ ဟင်းချက်တဲ့အထဲမှာလည်း ထည့်ချက်တတ်ကြပါသေး တယ်နော်။

ချဉ်ဖတ်တည်တဲ့အခါ အသုံးပြုမယ့် ပစ္စည်းတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အားလုံးဟာ သန့်စင်နေဖို့ကို သတိပြုဖို့ လိုပါတယ်။ ဟင်းထဲက ဆီတွေဘာတွေ ပေနေလို့ မဖြစ်ပါဘူးနော်။ လက်လည်း သန့်ရပါမယ်နော်။ လူကြီးတွေပြောတာတော့ရှိတယ်၊ တချို့က လက်ပူလို့ ချဉ်ဖတ်တည်ရင် ပျက်တတ်တယ်လို့ ပြောဖူးတယ်၊ လက်ဆိပ်ရှိတဲ့သူ (လက်တည့်တဲ့သူ) ကျတော့ သူတည်တဲ့ချဉ်ဖတ်ဆိုရင် သူများတွေထက် ပိုပြီး စားကောင်းပြီး အရသာရှိတယ်လို့ ဆိုပါတယ်နော်။

တစ်လက်စတည်း မပန်းနွယ်မေးထားတဲ့ ချင်း (ဂျင်း) အချဉ်လုပ်တဲ့နည်းလေးကိုပါ ဒီခေါင်းစဉ်အောက်ထဲမှာ ပေါင်းပြီး ရေးပေးပါမယ်နော်။ ချင်းသုပ်အတွက်လုပ်မယ့်ချင်းက ချင်းနုလေးဆိုရင် ပိုပြီး ခြစ်ရတာ အဆင်ပြေပါတယ်၊ ချင်းနုလေးတွေကို စိန်ခလုပ်နဲ့ပဲ ခြစ်ခြစ်၊ ဓားထက်ထက်နဲ့ ပါးပါးပဲ လှီးလှီး ကိုယ်အားသန်သလိုလုပ်ပေါ့နော်။ ပြီးတော့မှ ချင်းတွေကို ဆားလေးနည်းနည်းနဲ့နယ်ပြီး အရည်ညှစ်ထုတ်ပစ်လိုက်ပါနော်။ ရလာတဲ့ချင်းလေးတွေကိုမှ ရှောက်ရည် ဒါမှမဟုတ် သံပရာရည်လေးညှစ်ပြီး အားလုံးသမအောင် နယ်ပေးထားပါ။ တစ်ညသိပ်ထားပြီး နောက်နေ့ဆို သုပ်စားလို့ကောင်းတဲ့ ချင်းချဉ်လေး ရနိုင်ပါပြီနော်။ ချင်းချဉ်ကို အကြော်စုံနဲ့ သုပ်စားနိုင်သလို ချောင်းဆိုးတာ ရက်ရှည်နေတဲ့မောင်နှမတွေ အနေနဲ့ အဲ့ဒီချင်းချဉ်လေးကို မြုံ့ပြီးစားပေးရင် ၂ ရက် ၃ ရက်နဲ့ ချောင်းဆိုးသက်သာစေပါ တယ်။ ကိုယ်လက်ကိုက်ခဲတာမျိုး ခံစားခဲ့ရရင်လည်း ချင်းထန်းလျက်ပြုတ်ရည်ပူပူလေး သောက်ပေးရင် သက်သာပါတယ်နော်။ အခုနောက်ပြီး SPA တွေမှာတောင်မှ ချင်းထန်းလျက် ပြုတ်ရည်တိုက်တာက ခေတ်စားနေတာပါ။ အမျိုးသမီးတွေအတွက်တော့ လစဉ်ဓမ္မတာလာစဉ် ကိုက်ခဲတတ်တဲ့ညီအမများအတွက် ချင်းခြစ်ထားတာလေးကို ထန်းလျက်လေးနဲ့ပြုတ်သောက် တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ချင်းခြစ်ထားတာလေးကို သံပရာရည်လေးညှစ်ပြီး စားပေးတာပဲ ဖြစ်ဖြစ် အကောင်းဆုံးသော ဆေးနည်းတစ်လက်ပါလို့ လက်ဆင့်ကမ်းမျှဝေလိုက်ရပါတယ် နော်။

ဘလော့ဂ်မှာ အချဉ်တည်နည်းခဏခဏမေးထားတဲ့ ညီမလေး စုစပယ်လည်း ကျေနပ်လောက်မယ်ထင်ပါတယ်နော်။ တကယ်လို့ နောက်ထပ် သိချင်တာများရှိခဲ့ရင်လည်း mee.pho.saung@gmail.com ကို မေးလ်ပို့ပြီး မေးလို့ရပါတယ်နော်။ မြန်မာကနေကျတော့ ဘလော့ဂ်က မမြင်ရဘူးလေ။ ကျော်ခွရင်တောင် မနည်းတက်ရတာမို့ တချို့သော မောင်နှမ တွေ မေးထားတာတွေကို အသိနောက်ကျရပါတယ်နော်။ အတော်ကြာမို့ ပို့စ်တစ်ခု တက်လာတာကို သည်းခံပြီး အမြဲလာအားပေးနေကြတဲ့ မောင်နှမများကို မေတ္တာရပ်ဝန်း မီးဖိုဆောင်က ၀ိုင်းတော်သားများအားလုံးက ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခြားမောင်နှမတွေမေးထားတာတွေကိုလည်း တတ်နိုင်သလောက် အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဖြေပေးသွားပါမယ်နော်။

13 comments:

  1. မင်္ဂလာပါ..

    လုလုရေ.. ဒီပို့စ်ကို ဖတ်ရတာ သွားတွေကြိမ်းလိုက်တာ ကွယ်... :) :) :)...

    ရွာပြန်တုန်းက.... ကတက်ချဉ်၊ မန်ကျည်းရွက်ချဉ်၊ တမာချဉ် နဲ့ သရက်သီးကုလားတည် တွေ တစ်ဖူးဆီ ယူလာခဲ့တယ်။

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  2. မလုလုရေ.. ကျေးဇူး...
    အချဉ်တည်တိုင်းပျက်တယ်သိလား.. မုန်ညှင်းစိမ်းချဉ် တစ်ခုဘဲအောင်မြင်တယ်။ မုန်လာဥချဉ်စားချင်လို့ အရင်အပတ်ကလုပ်တာလဲ ပျက်သွားတယ်မမရယ်.. လက်ဆိပ်ပါတယ်ထင်တယ်.. သူများလုပ်တာတွေများလွယ်လိုက်တာ.. အဆင်ကိုပြေလို့.

    ReplyDelete
  3. မမလုရေ ကျေးဇူးအထူးတင်ပါတယ်။ စေတနာအပြည့်နဲ့မျှဝေပေးတဲ့ ချဉ်ဖတ်ထည်တည်းလေးအတွက်ပါ။ :)

    ReplyDelete
  4. ကျေးဇူးလုလုရေ... အမတို့က စားချင်တာရှိရင် ကိုယ့်ဟာကိုလုပ်မှစားရတာဆိုတော့ ဒီလိုလေးတွေပို့စ်တင်ပေးတာ အရမ်းတန်ဘိုးရှိတယ်

    ReplyDelete
  5. ကောင်းလိုက်တာ၊၊ နည်းတွေက စုံလို့ နော်၊၊ အရမ်း အသုံးဝင်တာပဲ၊၊ ပို့ စ် အတွက် ကျေးဇူးပါနော်၊၊

    ReplyDelete
  6. မလု ရေ

    အချဉ်တည်နည်း တွေ ဖတ်သွားရင်းနဲ့ ချဉ်ချဉ် လို့ အော်သွားပါတယ်
    မလု ဘလော့ဂ် ကျနော် လင့်လုပ်ထားတာ မရဘူး ဘာကြောင့် လည်း မသိဘူး အဲဒါကြောင့် ဖတ်ရတာ နောက်ကျသွားတယ်

    ReplyDelete
  7. ကျနော့်ဇနီးကို ချဉ်ဖတ်တည်ဖို့ အဲ ချဉ်ဖတ်တည်နည်းလေးတွေ ပေးပြနိုင်ပါပြီ။

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. sis လုလု သခွါးသီး အချဉ်တည်နည်း လေး ရမလား။ မျှော်နေမယ် နော်

    ReplyDelete
  10. မုံ့ညင်းချဉ်ကို ရေချဉ်တည်နည်းလေးသိရင်ပြောပါအုံးနော်။ စိမ်းစိမ်းလေးလေ။

    ReplyDelete
  11. ကျေးဇူးတင်ပါတယ် ကျွန်တော်လုပ်မလိုနည်းမသိဘူးလေ။အခုရှာကြည့်လို့တွေ့တာပါ။ ကျေးဇူးပဲနော်

    ReplyDelete
  12. စာလုံး​ဖောင့်​လေး​ကွေ ဖတ်လို့ မတတ်ဘူးဖြစ်​နေပါတယ်။ ခံတက်ရွက် ချဥ်ဖတ်လုပ်တတ်ချင်လို့ပါ။ကူညီ​ပေးပါဦး​နော်

    ReplyDelete