Sunday, May 16, 2010

ဆတ်သားခြောက်ချက်


ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါလို့ မေတ္တာရပ်ဝန်းမီးဖိုဆောင်မှ ၀ိုင်းတော်သားများအားလုံးက နှုတ်ခွန်းဆက်ပါတယ်ရှင်။ ဒီနေ့တော့ ကျွန်မရဲ့ မောင်နှမတွေကို ဆတ်သားခြောက်ချက်နည်းလေး မျှဝေပေးပါစေရဦးနော်။

ဆတ်သားခြောက်က ကိုယ်တိုင်လုပ်ရင် လက်ဝင်လှတယ်လို့ ထင်ရပေမယ့် ကိုယ်တိုင်လုပ်ချင်ရင် လုပ်လို့ရအောင်လို့ လုပ်နည်းလေးလည်း မျှဝေပါရစေနော်။ အခုက ရာသီဥတုက ပူတယ်ဆိုတော့ ဆတ်သားခြောက်၊ အမဲ ခြောက်၊ ငါးခြောက်လုပ်မယ်ဆိုရင် အင်မတန်ကောင်းတဲ့ ရာသီပါနော်။ (အကောင်းဘက်က လှည့်တွေးပေးတာပါနော်)။

ကျွန်မ နေပြည်တော်သွားတော့ မမျှော်လင့်ဘဲ ဆတ်သားအစိမ်းတွေ လာရောင်းတဲ့ တောသည်နဲ့ တွေ့တော့ ဈေးသည်က ဆတ်သားခြောက် လုပ်ပါလားဆိုပြီး ကျွန်မကို အကြံပေးတာနဲ့ ၃ ပိသာလောက် ၀ယ်လိုက်ဖြစ်ပါတယ်။

ဆတ်သားတွေကို အခြောက်လှန်းမှာမို့ ကျွန်မ ရေနဲ့ လောင်းဆေးတာမျိုးမလုပ်ဘဲ ချည်သားအ၀တ်စကို ရေဆွတ်ပြီးတော့ သန့်ရှင်းရေးလုပ်ပါတယ်၊ ပြီးတော့ ဆတ်သားကို တစ်လက်မအထူ၊ လေးလက်မ အရှည်အရွယ်လေးတွေ ရအောင် လှီးယူပါတယ်။ ပြီးတော့ သံပရာရည်၊ ဆားအနည်းငယ်တို့နဲ့ ရောပြီး ဆတ်သားတွေနဲ့ နယ်ပါတယ်။

ပြီးရင် ဇကာကိုယူ၊ အောက်မှာ တစ်ရှူးစတွေ ခင်း၊ အပေါ်ကနေ အသားတွေကို စီစီရီရီ လေးတင်ပြီး နေလှန်းပေးပါနော်။ မနက်ကိုးနာရီလောက်ကနေ စပြီး လှန်းတယ်ဆိုရင် နေ့လည် ၂ နာရီလောက်မှာ အသားတွေကို တစ်ဘက်လှန်ပေးပါနော်။ ညနေ ၆ နာရီလောက် ထိ နေပူတာမို့ တစ်နေကုန်သွားရင် အသားတွေ တော်တော်လေး ခြောက်နေပါပြီ။ တကယ်လို့သာ တစ်နေ့ကုန်နေနဲ့ ခြောက်ထားတဲ့ ဆတ်သားကို မီးလေးဖုတ်ပြီး ဆီဆမ်းစား မယ်ဆိုရင် မွမွရွရွလေးနဲ့ တော်တော်လေး စားကောင်းမယ့် အနေအထားပါနော်။ ဒါပေမယ့် ကြာရှည်ထားဖို့ ဆိုရင်တော့ နောက်တစ်ရက်မှာ တစ်နေ့ကုန် နေထပ်လှန်း ပေးရပါမယ်နော်။ ကိုယ်တိုင်လုပ်တဲ့အတွက် ယမ်းစိမ်းလည်း မထည့်တာမို့ ဆတ်သားလေးတွေက အပြင်က ရောင်းသလို နီရဲရဲလေး မဖြစ်နေဘဲ ညိုမည်းမည်းလေးဖြစ်နေတာပေါ့နော်။

ဆတ်သားခြောက်၊ အမဲခြောက်၊ ဆိတ်သားခြောက်၊ ငါးခြောက် စတာတွေကို မှိုမတက်အောင် ဘယ်လိုသိမ်းရမလဲဆိုတာကိုလည်း မောင်နှမများကို မျှဝေပေးပါရစေဦးနော်။ ကိုယ်တိုင်လုပ်ထားတာပဲဖြစ်ဖြစ်၊ ဈေးကနေ၀ယ်တာပဲ ဖြစ်ဖြစ် ခြောက်နေအောင် နေလှန်းပြီး ရင် သူတို့ကို အေးသွားအောင်အရင် အအေးခံလိုက်ပါနော်။ ပြီးတော့ အဲ့ဒီအခြောက်တွေကို သတင်းစာစက္ကူနဲ့ သေချာလိပ်ပြီး ထုပ်ပေးပါ။ ပြီးတော့မှ ဖန်ပုလင်း၊ ပလစ်စတစ်ဗူး စတာတွေ ထဲမှာ လေလုံအောင် သေချာပိတ်ပြီး သိမ်းထားပေးရင် မှိုတက်မှာ၊ အစိုပြန်မှာ မစိုးရိမ်ရ တော့ဘဲ အနံ့အရသာမပျက် ရေရှည်ထားပြီး စားသုံးနိုင်ပါတယ်နော်။ တစ်ချို့က မုန့်ပုံး (သံပုံး) တွေထဲ ထည့်သိမ်းတတ်ပါတယ်၊ မထည့်ဖို့ ကျွန်မ အကြံပြုပါရစေနော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆတ်သားခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက် အပုပွတောင့်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ နနွင်းမှုန့်၊ ဆား၊ ငံပြာရည်အနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။

ကျွန်မချက်မယ့် ဆတ်သားက ကိုယ်တိုင်လုပ်ထားတဲ့ ဆတ်သားခြောက်မို့ ချက်ခါနီး ကျွန်မ ရေနွေးကြက်သီးနွေးလေးနဲ့ ၁၅ မိနစ်လောက် စိမ်ထားလိုက်ပါတယ်နော်။ အပြင်ကနေ ၀ယ်တဲ့အသားခြောက်မျိုးဆိုရင်တော့ အချိန်နည်းနည်းပိုပြီး စိမ်ပေးလိုက်ပါနော်။ ပြီးရင်တော့ ဆတ်သားတွေကို အရွယ်တော် အတုံးလေးတွေ တုံးပြီး ဆားလေးနဲ့ နယ်ပေးထားပါနော်။
ကြက်သွန်ဖြူနီတို့ကို အခွံနွှာရေဆေးပေးထားပါ။ ငရုတ်သီးခြောက် အပုပွတောင့်ကို ရေနွေးနဲ့စိမ်ပြီး ညက်အောင်ထောင်း၊ ငရုတ်သီးညက်ပြီဆိုရင် ကြက်သွန်ဖြူနီတို့ကို ထည့်ထောင်းပေးပါနော်။ ခရမ်းချဉ်သီးကိုလည်း ပါးပါးလှီးပေးထားပါ။ ငရုတ်သီးစိမ်းကို အညှာခြွေရေဆေးပေးပြီး ထက်ခြမ်းခြမ်းပေးထားပါ။ နံနံပင်ကိုလည်း အမြစ်တွေဖယ်၊ သန့်ရှင်းရေးလုပ်၊ ရေဆေးပြီး ရေစစ်ပေးထားပါနော်။

အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်လေးခပ်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ၊ ဆီသတ်နံ့မွှေးလာပြီဆိုရင် ဆတ်သားခြောက်တွေထည့်ပြီး ဆီသတ်၊ ငံပြာရည်လေးနည်းနည်း ထည့်ပြီး မွှေပေးပါနော်။ ပြီးရင် ခရမ်းချဉ်သီးတွေထည့်ပြီး အားလုံးသမအောင်မွှေ၊ ခရမ်းချဉ်သီး တွေ ကြေသွားတဲ့အထိ မီးအသင့်အတင့်နဲ့ တည်ပေးပါနော်။ ခရမ်းချဉ်သီးတွေကြေပြီး ဆီပြန်လာပြီဆိုရင် အပေါ့အငန် အရသာကိုမြည်းပြီး ဟင်းခတ်မှုန့်လေးနဲ့ လိုအပ်တဲ့အရသာ ထပ်ဖြည့်ပေးပါနော်။ ဆတ်သားမနူးလောက်သေးဘူးလို့ ယူဆရင် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာလောက် ရေထပ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါနော်။ ဆတ်သား လည်းနူး၊ ဆီလည်းပြန်ပြီဆိုရင်တော့ ငရုတ်သီးစိမ်းတောင့်လေးတွေကိုထည့်၊ နံနံပင်လေး အုပ်လိုက်ပါ နော်။ အဲ့ဒါဆိုရင်တော့ အနံ့အရသာမွှေးကြိုင်လှတဲ့ ဆတ်သားခြောက်ချက်လေး ရပါပြီနော်။ နယ်စားလို့လည်း ကောင်းလှပြီး ပင်စိမ်းရွက်လေး၊ သခွားသီးလေး၊ မုန်လာဥနီတို့နဲ့ တို့စားလို့လည်း အဆင်ပြေပါတယ်နော်။ လိုက်ဖက်တဲ့ ဟင်းအတွဲကတော့ သရက်သီးသုပ်၊ မုန်လာဥပိုးတီသုပ်၊ ပဲနီလေးကြာဆံဟင်းရည်သောက်တို့ပါနော်။

5 comments:

  1. လုရေ ၇န်ကုန်ရောက်မှ လုပ်ယူသွားအုံးမယ်။
    (ဂျာမနီကို အသားမသွင်းရဘူးတဲ့)ကိစ္စမရှိဘူးအ၀စားသွားမယ်။

    ReplyDelete
  2. အကြိုက်ဆုံး တွေ ထဲမှာ ဆတ်သားခြောက် လည်းပါတယ် လုပ်နည်းလေး ပေးထားတဲ့ အတွက်ကျေးဇူးနော်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  3. အစ်မရေ...ညီမအမေပို့ ပေးထားတဲ့ ဒေါ်လှတင် ဆတ်သားခြောက်ကတော့ စားလို့ ကောင်းတယ်အစ်မ...ဒီမှာ ငရုပ်အပုတောင့် မရှိလို့ သိပ်တော့ မစပ်ဘူး...အစ်မနည်းနဲ့ ချက်ကြည့်ဦးမယ်...ကျေးဇူးပါ

    ReplyDelete
  4. ဒီမှာသေချာ ထပ်လာဖတ်သွားတယ် မမလုရေး)

    ReplyDelete
  5. ဆတ်သားကို အဲလို ခရမ်းချဉ်သီးများများနဲ့ ချက်တာ အရမ်းကြိုက်တာပဲ..
    လုလု ကျေးဇူးး))

    ReplyDelete