Wednesday, April 7, 2010

အင်ဒိုနီးရှား ငရုတ်သီးထောင်းနဲ့ တို့စရာအစုံ

ငရုတ်သီးထောင်းနဲ့ တို့စရာအစုံ

ငရုတ်သီးထောင်းထမင်း

ငရုတ်ဆုံမျိုးစုံ (ဒီမှာသုံးတာကတော့ ကျည်ပွေ့အကောက်လေးနဲ့ဟာမျိုးနော်)

ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေကို Sambal လို့ခေါ်တဲ့ အင်ဒိုနီးရှားငရုတ်သီးထောင်းလုပ်နည်းလေး မျှဝေပါရစေနော်။ 
 
Sambal လုပ်တဲ့အခါ ဒီမှာတော့ ငရုတ်သီးကို အစိုတွေချည်းသုံးကြတာ များပါတယ်။ ငရုတ်သီးအခြောက်ကို သုံးလေ့မရှိကြပါဘူးနော်။ Sambal အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ အနီရောင် ငရုတ်သီးအစိုအပွ တောင့် (အရောင်လှစေဖို့) လက်တစ်ဆုပ်၊ စပ်တဲ့ငရုတ်သီးအစို (အစပ်စားနိုင်သလောက်ထည့်နော်)၊ ကြက်သွန်ဖြူ ၃ မွှာ၊ စပါးလင်း ၁ ပင်၊ ငပိစိမ်းစား ထမင်းစားဇွန်းတစ်ဇွန်း၊ ခရမ်းချဉ်သီး တစ်လုံး၊ ဆားအနည်းငယ်၊ ဟင်းခပ်မှုန့် အနည်းငယ်နဲ့ ဆီအနည်းငယ်တို့ပါနော်။ (ကြိုက်တတ်ရင် ရှောက်ရွက် လည်း ထည့်လို့ရပါတယ်နော်)

ငရုတ်သီးတောင့်တွေကို အညှာခြွေရေဆေးပြီး တစ်လက်မအရှည်ဝန်းကျင် ဖြတ်တောက်ပေးပါနော်။ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီး အစိတ်လေးတွေ စိတ်ပေးပါနော်။ ကြက်သွန်ဖြူကိုလည်း အခွံနွှာပေး ထားပါ။ စပါးလင်ကို ဆေးကြောသန့်စင်ပြီးနောက် တစ်လက်မအရှည်လောက် ဖြတ်တောက်ပေး ထားပါနော်။

အားလုံးအသင့်ဖြစ်ရင် ဒယ်အိုးထဲကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ စပါးလင်၊ ငပိစိမ်းစား၊ ဆား၊ ဟင်းခပ်မှုန့်အနည်းငယ်နဲ့ ဆီတို့ကိုထည့်ပြီး ကြော်ပေးပါ။ ငရုတ်သီးနဲ့ ခရမ်းချဉ်သီးတွေ နွမ်းအောင်အထိ ကြော်ပေးပါနော်။ ပြီးရင် တော့ အဲ့ဒီကြော်ထား တာတွေထဲက စပါးလင်ဖတ်ကို ဖယ်ပြီးတော့ ကျန်တာကို ငရုတ်ဆုံထဲ ထည့်ပြီး ထောင်းပေးပါနော်။ သူတို့ဆီမှာသုံးတဲ့ ငရုတ်ဆုံကတော့ ခပ်ပက်ပက်ငရုတ်ဆုံဖြစ်ပြီး ကျည်ပွေ့က ကောက်ကောက်ကလေးပါနော်။ ငရုတ်ဆုံပေါ် အဆာပလာထည့်ပြီးတဲ့အခါ ကျည်ပွေ့ကောက် လေးနဲ့ ကြိတ်ချေယူတာပါနော်။ အရသာ အပေါ့အငံကိုမြည်း၊ လိုအပ်တာကို ထပ်ဖြည့်ပြီး ပန်းကန်လုံးလေး ထဲ ထည့်လို့ရပါပြီနော်။ အဲ့ဒါဆိုရင်တော့ စပါးလင်နံ့သင်းသင်းနဲ့ အရောင်နီရဲရဲ sambal ခေါ် အင်ဒိုနီးရှားငရုတ်သီးထောင်းလေး ရပါပြီနော်။ (ငရုတ်သီးထောင်းထဲကို မရမ်းသီး၊ သရက်သီးစိမ်းတို့ နဲ့လည်း ထည့်ထောင်းတတ်ပါသေးတယ်နော်။ ကျွန်မအထင်ကို ပြောရရင် သူတို့ငရုတ်သီးထောင်းက ကျွန်မတို့ ငါးပိထောင်းလိုပါပဲနော်၊ သူတို့က ငါးပိပါတာနည်းပြီး ခရမ်းချဉ်သီးပါသွားတာရယ်၊ စပါးလင်ထည့်တာရယ်၊ ဆီနဲ့ကြော်ပြီးမှ ထောင်းတာရယ်ကွာတယ်နော်။ ကျွန်မကတော့ ဆီနဲ့ ကြော်တာမကြိုက်လို့ ကျွန်မထောင်းတဲ့ ငရုတ်သီးထောင်းမှာ ဆီဘယ်တော့မှ ပါလေ့မရှိဘူး။)

ဒီမှာတော့ ငရုတ်သီးထောင်းက ကျွန်မတို့မြန်မာတွေ ငပိမပါရင် မစားတတ်သလိုပဲ သူတို့ကလည်း sambal မပါရင် မစားတတ်ကြပါဘူးနော်။ ပုံမှန်အားဖြင့် သူတို့ဆီမှာ (ကျွန်မ ရောက်နေတဲ့ ၈ျာဗာကျွန်းမှာတော့ sambal လုပ်တဲ့အထဲ သကြားထည့်ပါတယ်၊ ကံကောင်း လှစွာပဲ အချိုမကြိုက်သူကျွန်မအတွက် ကျွန်မနေရတဲ့ အမေကလည်း အချိုမကြိုက်တော့ အဆင်ပြေပါတယ်နော်)။ တချို့ကျတော့လည်း ငရုတ်သီးတွေကြော် နေတဲ့အထဲကို မန်ကျည်းနှစ် ထည့်တတ်ပါသေးတယ်။ 
 
sambal ငရုတ်သီးထောင်းကို စားခါနီးမှာ သံပရာရည်လေးညှစ်၊ အသီးအရွက်မျိုးစုံနဲ့ တွဲဖက်စားသုံးနိုင်သလို တိုဟူးပဲပြားကြော်၊ tempae လို့ခေါ်တဲ့ အင်ဒိုနီးရှားပဲပုပ်ကြော်၊ ကြက်ကြော်၊ ငါးကင် အစရှိတာတွေနဲ့ တွဲဖက်စားသုံးလေ့ရှိကြပါတယ်နော်။

ငရုတ်သီးထောင်း ထောင်းပြီးရင် ငရုတ်ဆုံမှာရှိနေတဲ့ ငရုတ်သီးတွေကို ထမင်းနဲ့လူးပြီး စားရတာကိုလည်း ကျွန်မက သိပ်ကြိုက်ပါတယ်နော်။

မောင်နှမများလည်း တစ်ခါတလေ အပြောင်းအလဲလေးအဖြစ် အင်ဒိုနီးရှား ငရုတ်သီးထောင်းလေး လုပ်စား ကြည့်ကြပါဦးနော်။

10 comments:

  1. မလု...တခါမှ ကိုယ်တိုင်မလုပ်ဖူးဘူး။ စမ်းလုပ်ကြည့်မယ်။
    Tempae ကို ကြော်တာအပြင် ဘာလုပ်စားလို့ ရသေးလဲဟင်။
    ကျေးဇူးပါ။

    ReplyDelete
  2. မလုရေ..ကြိုက်တယ်..
    ငရုတ်သီးထောင်းဆို အရမ်းကြိုက်..
    ကိုယ့်ဘာသာကိုယ်ထောင်းစားကြည့်အုံးမယ်။

    ReplyDelete
  3. လုလုငရုတ်သီးထောင်းက စားကောင်းမယ့်ပုံလေးနော်။
    လုလုကိုကြည့်ရတာလဲ ဟင်းချက်ရာမှာ စိတ်ရှည်မယ့်ပုံပဲနော်။
    စကားပြောလဲ ကောင်းမယ့်ပုံပဲနော်။
    စိစိစစ်စစ်လဲ သုံးစွဲတတ်မယ်ထင်တယ်နော်။
    အလှအပလဲ ကြိုက်တတ်မယ်လို့ ယူဆပါတယ်နော်။
    ခုလို အစားအသောက်တွေတင်ပေးတာ ကျေးဇူးတင်တယ်နော်။
    နော် ... နော် ... နော် ... ။
    လုလုစာကိုဖတ်ပြီး နော်တဲ့အကျင့် ကူးသွားပြီနော်။
    နောက်မှလာလည်တော့မယ်နော်။
    ခုတော့ ငရုတ်သီးစပ်လို့ပြေးပြီနော်။
    တာ့တာနော်။ :D

    ReplyDelete
  4. sambal ကို ၀ယ်ပဲဝယ်စားဖြစ်တယ်...ဒီကပုလင်းတွေထဲမှာတော့ ငရုတ်သီး၊ ဆားနဲ့ အက်စစ်ပဲ ပါတယ် မလုရေ...မလုရေးသလို အင်ဒိုနီးရှား sambal စစ်စစ်က ပိုစားကောင်းမှာပဲ.. ပါတဲ့အဆာပလာတွေလည်း ဗမာပါးစပ်အကြိုက်ပဲနော်..
    ဒါနဲ့ အင်ဒိုနီးရှားပဲပုပ်က ဘယ်လိုလဲဟင် မလု...မမြင်ဖူးလို့

    ReplyDelete
  5. အင်း မလု ရေ

    ထမင်းစား မကောင်းတာကြာသွားပြီ ငရုပ်သီးထောင်းလေးနဲ့ စားလိုက်ချင်ပါသေးတယ်

    ReplyDelete
  6. စားချင်လိုက်တာ.. တော်တော်စပ်မှာဘဲနော်... မိုက်တယ်

    ReplyDelete
  7. ထောင်းတော့မယ် ဒီတစ်ပတ် ပိတ်ရက် :)

    ReplyDelete
  8. မမ.. အတော်စပ်မယ်ထင်တယ်။ စားလို့ဖြစ်ပါ့မလားမသိ။
    မွန်

    ReplyDelete
  9. အကြင် ထိုအမိသည်.. အလွန်တရာမှ မိန်းမဆန်သော မိန်းမပေတည်း...

    ReplyDelete
  10. မမရှင်လေးရေ့  tempeh ကို ဒီမှာတော့ ခပ်ပါးပါးလှီးပြီးတော့မှ မုန့်နှစ်နဲ့ အချပ်လိုက်လေး ကြော်စားတတ်ကြသလို 0.3 cm အထူလောက်လှီးပြီးတော့လည်း ကြော်တတ်ပါတယ်။ တစ်ခါတစ်လေကျရင်တော့ တန်ပေကို ပဲပြားလို အတုံးသေးလေးတွေ တုံးပြီးတော့ အသီးအရွက်နဲ့လည်း ကြော်တတ်သလို ဒီအတိုင်း ပဲငံပြာရည်များများနဲ့ (အမဲအသည်း၊ ၀က်အသည်းကြော်သလို) အချိုလည်း ကြော်စားတတ်ကြပါတယ်နော်။

    ကူးကူးရေ့  ငရုတ်သီးထောင်းစမ်းထောင်းကြည့်ဦးနော်။

    စူးနွယ်လေးရေ့  အင်ဒိုနီးရှားပဲပုပ် tempeh ကို http://en.wikipedia.org/wiki/Tempeh အဲ့ဒီမှာ ကြည့်ကြည့်နော်။

    ရွှေစင်ဦးရေ့  အညာငရုတ်သီးထောင်းလောက်တော့ ကောင်းမယ်မထင်ဘူးနော်။ အပြောင်းအလဲလေးဖြစ်အောင်တော့ စမ်းပြီး ထောင်းစားကြည့်နော်။

    မရှရွန်ရေ့ 
    စပ်တာကတော့ တော်တော်လေးစပ်တယ့့်  အစပ်စားနိုင်သလောက်ထည့်ပြီး ထောင်းစားပါနော်။

    စူဘူးရေ့ 
    ဂျင်းထောင်းပြီးတော့ ငရုတ်သီးထောင်းပေါ့နော့့်  :D

    မွန်ရေ့  စပ်တဲ့ငရုတ်သီးလျော့ထည့်ပြီးထောင်းနော်။

    အမည်မသိနဲ့ ရေးသွားတဲ့ မောင်နှမနှစ်ယောက်ကိုလည်း ကျေးဇူးတင်ပါတယ်နော်။း) ရေးထားတာလေးတွေ ဖတ်ပြီး သဘောကျမိတာတော့ အမှန်ပဲနော်။ နောက်လည်း အလည်လာပါဦးနော်။

    ReplyDelete