Thursday, January 21, 2010

စွန်တန်အလွမ်း

ချစ်သော မောင်နှမများအားလုံး မင်္ဂလာပါရှင်။ ဒီနေ့တော့ မလင်းစန္ဒာက စွန်တန်ဟင်းရည်ချက်နည်းလေးကို စီဘောက်စ်ထဲမှာ မေးထားတဲ့အတွက် အားလုံး သိရအောင်လို့ မျှဝေပေးလိုက်ပါတယ်နော်။

စွန်တန်ကို ကျွန်မ တက္ကသိုလ်စတက်ရတော့မှ သိခဲ့ရတာနော်။ ကျွန်မတက်ခဲ့ရတဲ့တက္ကသိုလ်က ရေဆင်းမှာရှိတဲ့ စိုက်ပျိုးရေးတက္ကသိုလ်ပါ။ တစ်နိုင်ငံလုံးအနှံ့က တိုင်းရင်းသားပေါင်းစုံ၊ တောင်ပေါ်တောင်အောက်၊ မြေလတ် မကျန်ဒေသပေါင်းစုံက မောင်နှမတွေ စုပေါင်းဆုံဆည်းခွင့်ရတဲ့ နေရာလေးတစ်ခုပေါ့။ ကျွန်မရဲ့ ဒုတိယအိမ်လို့ပဲ တင်စားခေါ်ဝေါ်ပါရစေနော်။ ရေဆင်းမှာ ကျောင်းတက်ခဲ့ရတဲ့ ကျွန်မဘ၀လေးကိုတော့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ ချစ်ခင်လေးစားမြတ်နိုးရတဲ့ ဆရာကြီး၊ ဆရာမကြီးတွေက ကျွန်မတို့ကို သားသမီးအရင်းသဖွယ် အစားစာတာကအစ ဂရုတစိုက်နဲ့ ထိန်းကျောင်းပေးခဲ့ကြတာပါ။ ဆုံဆည်းခဲ့ရတဲ့ သူငယ်ချင်းတွေကရော အို့  နေရာအနှံ့ကပဲ့  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေအပြင် မြေလတ်ပိုင်းက သူငယ်ချင်း၊ ကမ်းရိုးတန်းဘက်က သူငယ်ချင်း စုံနေတာပဲနော်။

ကျွန်မ ပထမနှစ်ကျောင်းသူဘ၀မှာ နေခွင့်ရတဲ့ ကျွန်မရဲ့ အခမ်းဖော်က နန်းခမ်းလင်းတဲ့။ တောင်ကြီးက ရှမ်းမလေး။ ချောလိုက်တာမှ ပြောမနေနဲ့။ သီချင်းဆိုကလည်း ကောင်း၊ ရုပ်ကလည်း ချော၊ စိတ်ထားက အရမ်းနူးညံ့ပြီး ကိုယ်ချင်းစာတရား အပြည့်ပဲ။ သူနဲ့ကျမှ စွန်ထန်အပါအ၀င် ရှမ်းအစားအစာတွေကို စသိခဲ့ရတာပါနော်။ ကျွန်မက မော်လမြိုင်သူ၊ သူက ရှမ်းမလေး နှစ်ယောက်ပေါင်းပြီး တွေ့တဲ့အခါကျမှ ရိုးရာ အစားအစာတွေ ဖလှယ်ပြီး စားသုံးခဲ့ကြတာလေ။ လွမ်းလိုက်တာ့  အဲ့ဒီအချိန်လေးတွေကို့ 

ကျွန်မ သိသလောက် စွန်တန်မှာ ၂ မျိုးရှိတယ်နော်။ ဈေးတွေမှာ အလွယ်တကူ ၀ယ်လို့ရတဲ့ စွန်တန်လေးတွေက မုန်ညင်းအပင် သေးသေးလေးတွေကို လုပ်ထားတာ အခွေလိုက်လေးတွေ။ အညိုရောင်ဖျော့ဖျော့လေးတွေပေါ့။ အဲ့ဒါက ကျွန်မအခန်းဖော်ဆီက စွန်တန်မျိုးနဲ့ တူတူပဲ။ ကချင်ပြည်နယ်က ကျွန်မသူငယ်ချင်း မအေးကြည်အိမ် က ပါလာတဲ့ စွန်တန်ကတော့ တကယ့်ကို အကြီးကြီးပဲ။ အရှည်ကြီးပဲ၊ ပြီးတော့ ကောက်ညှင်းအနှစ်တွေနဲ့ နယ်ပြီး အချဉ် လုပ်ထားတယ်ပြောတယ်၊ အဲ့ဒီအနှစ်တွေကလည်း အများ ကြီးပဲ၊ မုန်ညင်းပင်အကြီးကြီးကို လုပ်ထားတာတဲ့။ အဲ့ဒီစွန်တန်ရဲ့အရောင်က ညိုရင့်ရောင် ခပ်စိုစိုလေးပေါ့။ အနံ့ကလည်း မွှေးသလားမမေးနဲ့။ အရမ်းကြိုက်။

စွန်တန်နံ့ကို ခံနိုင်တဲ့သူရှိသလို မခံနိုင်တဲ့သူလည်းရှိတယ်။ ကျွန်မကတော့ စွန်တန်နံ့ဆို သိပ်ကြိုက်တယ်။ မော်လမြိုင်ဘက်က လူတွေ ရှောက်သီးဆေးပြားနံ့ကို ကြိုက်သလိုမျိုးပေါ့။ စွန်တန်အနံ့ရရုံနဲ့တင် သွားရည်တောင် ကျတယ်။

အဆောင်မှာ ထမင်းစားလို့ အရည်သောက်မပါတဲ့အခါ ဟင်းရည်ချက်တော့မယ်ဆိုရင် အခန်းဖော်နား၊ ဒါမှ မဟုတ် စွန်တန်ပါတတ်တဲ့ ရှမ်း၊ ကချင် သူငယ်ချင်းတွေကနေ စွန်တန်သွားတောင်းရ တယ်။ အဲ့ဒီအချိန်ကျရင် အဆောင်ထဲက စားဖိုဆောင်က စားဖိုမှူး ဦးပြန်အေးဆီက ဓားမ ငှားပြီးတော့ စွန်တန်ကို ဓားမနဲ့ ခုတ်ရတယ်။ တစ်လက်မအရှည်လောက်လေးတွေပေါ့နော်။ ပြီးတော့ အဆောင်မှာက မီးဖိုမသုံးရဘူးလေ၊ စားဖိုဆောင်ထဲက မိုးပြဲဒယ်ထဲမှာ ရေနွေးတွေ ပွက်ပွက်ကိုဆူနေတာ၊ အဲ့ဒီက ရေနွေးတွေ ကြွေရည်သုတ်မတ်ခွက်ထဲ လောင်းထည့်ပြီး စွန်တန်ဟင်းရည်ချက်သောက်ခဲ့ကြတာ။ မမေ့ဘူး၊ ဘယ်တော့မှ မမေ့ဘူး။ အဲ့ဒီအချိန်လေးတွေကိုလေ။ အခု ရေးရင်းနဲ့ကို သူငယ်ချင်းတွေကို လွမ်းမိလို့ မျက်ရည်လည်မိတယ်။

လေပေါတာလည်း များသွားပြီ (သည်းခံကြပါကုန်)။ အခု စွန်တန်ဟင်းရည်ချက်ဖို့ နည်းလေးတွေ မျှဝေပါမယ်နော်။

(၁) အလွယ်ဆုံးနည်း
ရေနွေးပွက်ပွက်ဆူအောင်တည်ပါ။ ရေနွေးတည်ထားတဲ့အချိန်မှာ ချင်းအနည်းငယ်၊ ကြက်သွန်ဖြူ နှစ်မွှာ လောက်ကို အခွံနွာရေးဆေးပြီး ဓားပြားနဲ့ ထုပေးထားပါ။ ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်) အညှာခြွေ၊ ရေဆေးပြီး ထက်ခြမ်းခွဲပေးထားပါ။ စွန်တန် အနည်းငယ်ကို ရေနဲ့ အသာအယာ ဆေးကြောပေးလိုက်ပါ။

ရေနွေးပွက်ပွက်ဆူပြီဆိုရင် ချင်း ကြက်သွန်ဖြူ ငရုတ်သီးစိမ်းထည့်ပါ။ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။ ပြီးမှ နောက်ဆုံး စွန်တန်ထည့်လိုက်ပါ။ အချဉ် ကြိုက်ရင် နည်းနည်း အချိန်ကြာကြာတည်ပေးပါ။ ပြီးတော့မှ ကြက်သွန်မြိတ်လေး တရုတ်နံနံလေး ဖြူးပေါ့နော်။ အဲ့ဒါကတော့ အလွယ်ကူဆုံး စွန်တန်ဟင်းရည်ချက်နည်းပါ။ ကျွန်မကတော့ သတ်သတ်လွတ်စားတဲ့အခါ ဆီတိုဟူးရယ်၊ တိုဟူးချဉ်၊ (တောင်ကြီးက သူငယ်ချင်း မရွှေကြည်ရဲ့ တိုဟူးချဉ်ကိုလည်း လွမ်းတယ်)၊ ပဲပုပ်ပြားခြောက်ကြော်ရယ်နဲ့ ကျိုက်ထီးရိုးဘက်က လာတဲ့ ကဒတ်ခြောက် ကြော်နဲ့တွဲစားလေ့ရှိတယ်နော်။ သတ်သတ်လွတ်မဟုတ်ဘူးဆိုရင်လည်း ဆတ်သားခြောက်ဖုတ်ဆီဆမ်းလေးနဲ့ တွဲစားကြည့်နော်။ ဒါမှမဟုတ်လည်း ဒန်ပေါက်၊ အုန်းထမင်း၊ ထောပတ် ထမင်း အစရှိတဲ့ အအီစာလေးတွေ ချက်တဲ့အခါ အအီပြေ အရည်သောက်အဖြစ် ချက်နိုင်တာပေါ့နော်။

(၂) အသားများနဲ့ တွဲဖက်ချက်ပြုတ်နည်း
ကြက်ရိုး၊ ဘဲရိုး၊ ၀က်နံရိုး အစရှိတဲ့ အရိုးပြုတ်များနဲ့လည်း စွန်ထန်ကို ချက်လို့ရပါတယ်နော်။ အသားအရိုး အတွဲ လိုက်တွေကို သေချာဆေးကြောပြီး ဆား၊ သကြားနယ်ပြီး ပြုတ်ပါ။ ပွက်ပွက်ဆူလာရင် ချင်းနဲ့ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ပြီး ခပ်ကြာကြာတည်ပေးပါနော်။ ကြာကြာပြုတ်လေ အရိုးထဲကနေ အရသာတွေ ထွက်လာစေ တာမို့ သိပ်ကောင်းပါတယ်နော်။ ထမင်းပွဲ ပြင်ခါနီးမှ အရိုးပြုတ်ထဲကို ခရမ်းချဉ်သီးလေးကို ရှစ်စိတ်ပိုင်းပြီး ထည့်ပါနော်။ ပြီးတော့ ဆား၊ ဟင်းခတ်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။ စွန်ထန်ထည့်ပြီး တည်ပေးပါနော်။ ပွက်ပွက်ဆူပြီဆိုရင် အရသာအပေါအငန်မြည်းပြီး လိုအပ်တဲ့အရသာ ထပ်ဖြည့်ပါ။ ပြီးတော့မှ တရုတ်နံနံ ကြက်သွန်မြိတ်လေး ခပ်စားပါနော်။ ကြိုက်တတ်ရင် ပဲပြားပါ ထည့်ချက်ရင် ရပါတယ်နော်။ ခေါက်ဆွဲကြော်၊ ကြာဇံကြော် အစရှိတာတွေနဲ့ တွဲစားပါနော်။

ဒီလောက်ဆိုရင်တော့ စွန်တန်လက်ဝယ်ရှိနေတဲ့သူတွေ ချက်စားလို့ အဆင်ပြေမယ်လို့ ထင်ပါတယ်နော်။
စမ်းချက်ကြည့်ပါနော်။ ကျွန်မမှာ စွန်တန်လည်း လက်ဝယ်မရှိ၊ ဟင်းပွဲဓာတ်ပုံကလည်း အသင့်မရှိတဲ့အတွက် ပုံ တင်မပေးလိုက်နိုင်ဘူး ဖြစ်နေတာကို ခွင့်လွှတ်နားလည်ပေးပါနော်။

ကျွန်မတို့ ဒေသရဲ့ အဓိက စားကုန်မဟုတ်တဲ့အတွက် ကျွန်မရဲ့ ဖော်ပြချက်ထဲမှာ အမှားများပါရှိခဲ့ရင်၊ လိုအပ်ချက်များ ရှိခဲ့ရင် ခွင့်လွှတ်နားလည်ပေးပါ။ ပြင်ပေးပါလို့ တောင်းဆိုပါတယ်နော်။

10 comments:

  1. မလု ကျေးဇူးသိပ်တင်ပါတယ်။
    မနေ့က ရမ်းတုပ်ပြီးချက်သေးတယ်။ မကောင်းဘူး၊
    နောက်တစ်ရက်မှာ ထပ်ချက်မယ်
    ကျေးဇူးတကယ်တင်ပါတယ်နော်။

    ReplyDelete
  2. စွန်တမ် ဆိုကူးလဲအရမ်းကြိုက်တယ်... ဟင်းရည်သောက် အမြန်လုပ်လို့လဲရတယ်...
    တစ်ခေါက်တွေ့ဖူးတယ်သိလား တွံတေးကအဒေါ်ကြီးတစ်ယောက် ရေနွေးနဲ့ ဟင်းရည်လုပ် သောက်ထားတဲ့ စွန်တမ် အဖတ်တွေကို တို့စရာအဖြစ်အကုန်ဝါးစားတာ..း)

    ReplyDelete
  3. အခုည ချက်တော့မလို့ နောက်တစ်ခေါက်လာပြန်ဖတ်တယ်။ နံပါတ် ၂ နည်းနဲ့ ချက်မှာ :P

    ReplyDelete
  4. ကျနော် တင်ထားတာရှိတယ်..မလု...
    ဟီးး
    ဖြစ်သလိုပေါ့..။
    အခုောတင် အိမ်မှာရှိနေသေးတယ်..
    ခရီးထွက်မှာမို့ သူငယ်ချင်းကို ပေးရတော့မှာ။။
    ကြက်သွန်မြိတ်နဲ့ ဂျင်းနဲ့..ငြုပ်သီးစိမ်းနဲ့ ဆားပဲပါတယ်။။
    အအီပြေတယ်..။။
    နောက်တစ်မျိုးက ထမင်းဖိတ်ကျွေးရင် ချက်တဲ့
    ပုံစံ..။။
    မားတို့ပဲချက်တတ်တယ်..ကျနော်တော့ မချက်တတ်ဘူး။။
    အသားလုံးတွေ ငုံးဥတွေ ကြက်သားတွေ
    ပင်လယ်မျှော့တွေ ထည့်ချက်ရတဲ့ပုံစံမျိုးး။။
    http://1.bp.blogspot.com/_hR9v40MC3A8/SSQyjqQ4_8I/AAAAAAAAAVw/mlNXfsoLBAg/s1600-h/dan+pauk+006.jpg
    ဒါက ရေနွေးနဲ့ ချက်တာမျိုးပါ..။

    ReplyDelete
  5. မလုရေ ဒီနှစ်တော့ မ၀ယ်လာဖြစ်ခဲ့ဘူး။
    နောက်နှစ်မှပဲ လုပ်စားတောါမယ်။

    ReplyDelete
  6. SDL ရေ့  စွန်တန်ဟင်းချက်တာအဆင်ပြေရဲ့လားမသိဘူးနော်။ အကြောင်းပြန်ပါဦးနော်။
    ကူးကူးရေ့  မမလုလည်း စွန်တန်ဟင်းရည် သိပ်ကြိုက်တာ။ ကူးပြောသလိုပဲ စွန်တန်အဖတ်တွေကို စားလို့ ရတယ်ဆိုပြီး သူငယ်ချင်းတစ်ယောက်က ပြောတော့လေ မမလုလည်း စားဖူးတယ်။ စားလို့ကောင်းသားပဲ။ ဒါပေမယ့် စွန်တန်အဖတ် နူးညံ့ဖို့တော့ လိုတာပေါ့နော်။
    ပေါက်ရေ့  ပေါက်တင်ထားတဲ့ စွန်တန်ကို ကြည့်ပြီး သွားရည်ကျနေရတာနော်။ ဒီမှာ စွန်တန် ပါမလားဘူးလေ။ ၀ယ်မလာမိခဲ့ဘူး။ မျှစ်ချဉ်ခြောက်ပဲ ပါတယ်။ နောက်ရက်ကျမှ ဟင်းရည်လုပ်သောက်ဦးမယ်။
    မမရှင်လေ့း့  နောက်နှစ်ကျ ၀ယ်ကြမယ်လေနော်။ ဒီနှစ်တော့ အောင့်ခံထားဦး။
    လုလု ရန်ကုန်ပြန်ရောက်ရင် အခန်းဖော်ရှမ်းမလေးကို မေးပေးမယ် စွန်တန်လုပ်နည်းပေါ့။ အဲ့ဒီတော့ကျ ကိုယ့်ဟာကိုယ် လက်တည့်စမ်းကြတာပေါ့နော်။ :P

    ReplyDelete
  7. မလု

    အဆင်ပြေတယ်.. မမရေ

    ဘုန်းကြီးဆွမ်းပို့တဲ့ထဲပါ ထည့်ကပ်လိုက်တယ်။

    ကျေးဇူးတင်ပါတယ်နော်..။ ဂရုတစိုက်ပြန်ဖြေပေးတာကို။

    ReplyDelete
  8. အစ်မက . . ..
    မလုပန် ပါလားခင်ဗျာ . . . .ကျနော် ၁၀ တန်းတုန်း က သိတဲ့ တစ်ယောက်များဖြစ်နေမလားလို့ ပါ။ အကယ်၍. . .မလုပန်ဆိုရင်.အကူအညီတစ်ခုတောင်းချင်လို့ ..ကျနော် ဆက်သွယ်လို့  ရအောင် . . .တစ်ခုခုတော့ . . .ပြောပြပေးပါလား
    ခင်ဗျာ . . . .

    ကျေးဇူးတင်စွာဖြင့်
    လှိုင်-၁

    ReplyDelete
  9. sdl ရေ့  အဆင်ပြေတယ်ဆိုလို့ ၀မ်းသာတယ်။ မလုလည်း ကုသိုလ်ရတာပေါ့နော်။ နောက်ထပ် လိုချင်တာ၊ သိချင်တာရှိရင်လည်း မေးပါနော်။
    lyu ရေ့  ကျွန်မက မလုပန် မဟုတ်ပါဘူးရှင်။ ဒါပေမယ့် လိုအပ်တဲ့ အကူအညီကိုတော့ ပြောပါနော်။ ကျွန်မ ကူညီနိုင်တာဆိုရင် ကူညီပါ့မယ်နော်။

    ReplyDelete
  10. အထက်ပိုင်းမှာကျောင်းတက်ခဲ့သူအားလုံးအထူးသဖြင့်အဆောင်ကျောင်းသားတွေအတွက်အရင်းနှီးဆုံးနဲ့ အနှစ်သက်ဆုံးဟင်းရည်တစ်ခုပါ စွန်တန်ကိုမြင်လိုက်ရတာနဲ့ ဟိုတချိန်ကျောင်းသားဘ၀ ၊၀န်ထမ်းဘ၀ သူငယ်ချင်းတွေနဲ့နွေးထွေးခင်မင်စွာစားခဲ့ရတဲ့ ထမင်းအနပ်ပေါင်းများစွာကိုသတိယတယ်......

    ReplyDelete