Thursday, August 13, 2009

ဘာချက်စားကြရင်ကောင်းမလဲ





ချစ်သောမောင်နှမများအားလုံး မင်္ဂလာပါနော်။ ဒီနေ့မှာတော့ ကျွန်မရဲ့ မောင်နှမတွေ ပိတ်ရက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေ ဆုံပြီး ထမင်းဟင်းစုချက်စားရဖို့ ဟင်းစပ်လေးတစ်မျိုးပေးပါဦးမယ်နော်။
ကဏန်းချဉ်စပ်၊ ဆူးပုတ်ဘဲဥကြော်၊ ပင်စိမ်းဟင်းခါးလေးနဲ့ ငါးပိတို့စရာလေးပေါ့နော်။

ကဏန်းဟင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကဏန်း အကောင် 25၊ ကြက်သွန်ဖြူ ဥတစ်လုံး 15 လုံး၊ ကြက်သွန်နီ အလုံးလတ် 10 လုံး၊ ငရုတ်သီးအပုပွတောင့်၊ ငရုတ်စိမ်း၊ နနွင်းမှုန့်၊ နံနံပင်၊ ဆား၊ ငံပြာရည်၊ မန်ကျည်းမှည့်အနှစ်၊ မာဆလာ၊ သကြားအနည်းငယ်နဲ့ ဆီတို့ပါနော်။

ကဏန်းဝယ်တာ အကောင်ကြီးမရဘူး၊ အကောင်အရွယ်လတ်ကလေးတွေပဲ၊ ဒါပေမယ့် အဆီတွေနဲ့ ဥတွေနဲ့ ဆိုတော့လည်းဝယ်လိုက်တယ်။ ဒါပေမယ့် ကဏန်းက အရှင်ပဲရောင်းတာဆိုတော့ ပါဏာတိပါတာဒဏ် ကိုယ် မခံရလေအောင် ဈေးသယ်ကို ကိုယ်ဝယ်မယ့်အကောင်လေးတွေကို ရွေးခိုင်းပြီး တစ်ခါတည်း ကိုင်ခိုင်းခဲ့ ပါတယ်။ နောက်မဟုတ်ရင် အိမ်ကအမေက ကဏန်းဆိုအရှင်ဝယ်ရတာမို့ သူများအသက်သတ်တယ်ဆိုပြီး ၀ယ်မချက်ခိုင်းပါဘူး။

ကဏန်းကို သေချာသန့်စင်အောင် ရေဆေးပြီး ဆားလေးနဲ့ နယ်ထားပါတယ်နော်။ ပြီးတော့ ကြက်သွန်ဖြူနီတို့ကို နွှာထားပြီး ငရုတ်သီးအပုပွတောင့်နဲ့ ရောပြီးထောင်းပါတယ်နော်။ ငရုတ်သီးစိမ်းလေးရယ်၊ နံနံပင်လေးရယ် အသင့်ပြင်ထားပါတယ်။ မန်ကျည်းသီးမှည့်ကို ရေနွေးလေးနဲ့ ဖျော်ပေးထားပါနော်။

အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ နနွင်းမှုန့်လေးထည့်၊ ဆီပူလာရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်ပြီး ဆီသတ်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင် ဂဏန်းတွေကို ထည့်ပြီး ငရုတ်သီးကြက်သွန်အနှစ်တွေနဲ့ သမအောင် မွှေပါတယ်။ ပြီးရင် ဒယ်အိုးဖုံးခဏလောက်အုပ်ပြီး ထားပေးပါနော်။ နှစ်မိနစ်လောက်နေရင် ဒယ်အိုးဖုံးဖွင့်ပြီး ငံပြာရည်အနည်းငယ်ရယ်၊ သကြားလေးအနည်း ငယ်ရယ်၊ မန်ကျည်းနှစ်တွေရယ်၊ ပြီးတော့ ရေနွေးတွေကို ကဏန်းမြုပ်တဲ့အထိ ထည့်ပြီး ဟင်းအိုး ပွက်ပွက်ဆူအောင် တည်ပေးပါနော်။ ဟင်းအိုးဆူပြီဆိုရင် အပေါ့အငံကို မြည်းပြီး လိုတဲ့အရသာ ထပ်ဖြည့်၊ မာဆလာလေး နည်းနည်းအုပ်လိုက်ပါ။ ပြီးတော့ ဟင်းအိုးကို အရည်နည်းနည်းကျအောင် နှစ်မိနစ်လောက် ထပ်တည်၊ ပြီးရင် ငရုတ်သီးစိမ်းနဲ့ နံနံပင်လေးအုပ်လိုက်ပါနော်။ ဒါဆိုရင်တော့ ကဏန်းချဉ်စပ်ဟင်းလေး ရပါပြီနော်။ (အချဉ်၊ အငံ၊ အစပ် အရသာများကို မိမိစိတ်ကြိုက် ထည့်ပြီး ချက်နိုင်ပါတယ်နော်)။

ဆူးပုပ်ဘဲဥကြော်အတွက်ကတော့ ဆူးပုပ်ရွက်နုလေးတွေကို ရေဆေးပြီးတော့မှ အရွက်လေးတွေ သင်ပေးထားပါ။ ပြီးရင် ကြက်သွန်ဖြူ သုံးဥလောက် ဓားပြားရိုက်၊ ကြက်သွန်နီ အလုံးသေး တစ်လုံးလောက် အခွံနွှာ လေးစိတ်ထိုးထား၊ ဘဲဥလေး နှစ်လုံးလောက် အသင့်ပြင်ထားပါ။ ပြီးရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူနီလေးထည့်၊ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ ဆူးပုပ်ရွက်လေးထည့်၊ ပြီးရင် ဆားနဲ့ ကြက်သားမှုန့်လေးထည့်ပြီး အားလုံးသမအောင်မွှေ၊ ဆူးပုပ်ရွက်လေး အိအိလေးဖြစ်ရအောင် ရေနွေးလေး နည်းနည်းပက်လိုက်၊ ပြီးတော့ ခဏလေး အဖုံးအုပ်ထား၊ အရွက်အိလောက်ပြီဖြစ်ရင်တော့ အဖုံးဖွင့် ဘဲဥကို ခွပ်ဆို ခလယ်ကခွဲပြီး ဒယ်အိုးထဲထည့်ပြီး အရွက်တွေနဲ့ ထည့်မွှေ၊ အပေါ့အငံအရသာကိုမြည်းပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင် မီးပိတ်၊ မီးဖိုပေါ်ကနေ ဒယ်အိုးကို ချလိုက်ရုံပဲနော်။ အဲ့ဒါဆိုရင်တော့ ဆူးပုပ်ဘဲဥကြော် လေး ရပြီနော်။ (ဆူးပုပ်ရွက်ကို အနံ့မကြိုက်တဲ့ မောင်နှမများအနေနဲ့ တခြား ဟင်းသီးဟင်းရွက်ကြော် တစ်ပွဲ ထည့်ကြော်ပါနော်)

ငါးပိရည်ကိုတော့ ငရုတ်သီးစိမ်းလေးကို မီးသင်းထားတာရယ်၊ ကြက်သွန်ဖြူမီးအုံးလေးရယ်၊ ပုစွန်ခြောက်လေးရယ် ထောင်းပြီး ရောဖျော်ထားတယ်။ တို့စရာကတော့ ပေါက်ပန်းဖြူရွက်ကို မန်ကျည်းသီးမှည့်နဲ့ ပြုတ်ထားတာရယ်၊ ခရမ်းကြွတ်သီးရယ်၊ တညင်းသီးဆားရည်စိမ်ရယ်ပေါ့နော်။

အရည်သောက်ကတော့ ကမန်းကတန်းဟင်းခါးပဲ။ အိုးတစ်လုံးထဲ ရေနွေးထည့်တည်၊ ပွက်ပွက်ဆူလာရင် ပုစွန်ခြောက်လေး မညက်တညက်ထောင်းထည့်၊ ကြက်သွန်ဖြူဓားပြားရိုက်လေးထည့်ပြီး အရည်ကျအောင် တည်ထား၊ ဆား၊ ငံပြာရည်လေးရယ်၊ ကြက်သားမှုန့်လေးရယ်ထည့်၊ ပွက်ပွက်ဆူလာပြီဆိုရင် ခြံစည်းရိုးမှာစိုက်ထားတဲ့ ပင်စိမ်းရွက်လေးတွေ ခူးလိုက်၊ ရေလေးစင်အောင်ဆေးပြီး ခပ်လိုက်တာပဲ။ ပင်စိမ်းနံ့ မွှေးမွှေးလေးနဲ့ ကမန်းကတန်းဟင်းခါးလေးပါနော်။

ဒါဆိုရင်တော့ လာမယ့်ပိတ်ရက်မှာ မောင်နှမတွေ သူငယ်ချင်းတွေအစုံအလင်နဲ့ အရသာပေါင်းစုံလင်စွာနဲ့ ပျော်ရွှင်စွာ ချက်ပြုတ်စားသောက်ကြပါဦးနော်။

12 comments:

  1. ရက်စက်ပ မမလု ဂလုဂလု

    ReplyDelete
  2. လုလု နော် လုလု ..သူက စကားတွေများပြီး ဟင်းချက်
    နေတာကို.. ဂဏန်းအရမ်းကြိုက်တယ်.
    ငပိရည်လည်းစားချင်တယ်.

    ရေခဲသုတ်ရပြီနော်. လာစားတော့. အဟီး

    ချစ်တဲ့

    ၀ါ

    ReplyDelete
  3. မလုရေ

    မေတ္တာရပ်ဝန်း မီးဖိုဆောင်မှာ စေတနာလေးတွေကို မြင်နေရပါတယ်။ ချိုသာနူးညံ့တဲ့ စကားလေးတွေနဲ့ ချက်နည်းပြုတ်နည်းကို သေချာ ရေးပြပေးတာ အားကျစရာပါ။

    ဂဏန်းကို ပါဏာတိပါတကံ သင့်မှာစိုးလို့ ဈေးသည်ကို ကြိုက်ရာအကောင် ထိုးပြီး သတ်ခိုင်းလိုက်တယ်ဆိုတာလေး ပြောချင်လို့နော်။ ပါဏာတိပါတကံ သင့်မှာ စိုးတာ ကောင်းပါတယ်။ ဘယ်အကောင်ကို သတ်ပါလို့ ဈေးသည်ကို ထိုးပြပြီး သတ်ခိုင်းတာလဲ ကံသင့်ပါတယ် မလု။ စိတ်ဆင်းရဲအောင် ပြောတာ မဟုတ်ဘူးနော်။ မေ့လိုက်ပါ။ ဖြစ်နိုင်ရင် နောက် မလုပ်စေချင်လို့ပါ။ အဲဒီကံက အရမ်း ကြောက်ဖို့ ကောင်းတာလေ။ နောက်ဘဝ အသက်တိုတာအပြင် ညှင်းဆဲနှိပ်စက်ပါ ခံရနိုင်ပါတယ်။ ဘာလို့ဆို ဂဏန်းတွေဟာ ထုသတ်ရတာဆိုတော့ မသေခင် ကိုယ်လက်ကြေမွ နာကျင် ဝေဒနာ ခံသွားရလို့ပါ။

    ဘယ်အကောင်ကို သတ်လို့ ညွှန်ပြ စေခိုင်းတာက ကိုယ်တိုင် ကျူးလွန်ရုံအပြင် သူတစ်ပါးကိုပါ ကျူးလွန်ုခိုင်းတာမို့ အပြစ်နှစ်ခု မဖြစ်စေချင်ဘူး။ ဈေးသည်က သတ်ခိုင်းလို့ သတ်ရရုံဆိုတော့ သူက တစ်ခုပဲ ကျူးလွန်တာပါ။ ဖြစ်နိုင်ရင် ဝဋ်လည်မယ့် ကိစ္စဆို ရှောင်ပါနော်။ စိတ်ညစ်အောင် လာပြောတယ် မထင်နဲ့နော်။ ချစ်တဲ့ မလု ဘဝမှာ အဆင်ပြေမှုတွေချည်း ကြုံတွေ့နိုင်ပါစေ။

    ReplyDelete
  4. ကောင်းလိုက်တဲ့ဟင်းစပ်လေးနော်... ထမင်းမြိန်မှာသေချာတယ်

    ReplyDelete
  5. ဂဏန်းချက်စားချင်တယ်ဗျို့။ ငါးရည်ကျိုလဲ လက်မနှေးဘဲ အမြန်ဆုံးနှိက်ထားမှ တော်နေ နောက်ကျလို့ မရလိုက်မှာစိုးတယ်။ ဒီအပတ် ဟင်းစပ်တော့ ရှယ်ပဲဗျို့။

    ReplyDelete
  6. Vista ရေ့ 
    အလည်လာတဲ့အတွက် ကျေးဇူးပါနော်။
    မ၀ါရေ့ 
    ကဏန်းကြိုက်တာချင်း တူနေပြီနော်။
    အမည်မသိရေ့ 
    အကိုလားအမလားတော့ မသိပါဘူးနော်။ အဲ့ဒီနေ့တုန်းက လုလုဈေးဝယ်တုန်းက ရိုးရိုး ကြက်သားချက်မယ်၊ ၀က်သားဝယ်ချက်မယ်ဆိုတဲ့ စိတ်မျိုးထက် ပိုပြီး မဖြစ်ခဲ့မိပါဘူးနော်။
    မမျှော်လင့်ဘဲ ကဏန်းသည်နဲ့တွေ့တော့ ၀ယ်ဖြစ်သွားခဲ့တာပါနော်။ အဲ့ဒီတုန်းက ၀ယ်တုန်းကလည်း စိတ်ထဲ ဘာမှ မရှိခဲ့ပါဘူးလေ။ လုလုလည်း ဈေးသည်ကို ကောင်းတဲ့အကောင်းလေ တွေပဲ ပေးနော်လို့ ပြောပြီး တခြားလိုအပ်တာလေးတွေ လျှောက်ဝယ်နေခဲ့မိတာပါ။ ဈေးသည်လုပ်နေကိုင်နေ တာကိုလည်း မကြည့်နေမိခဲ့ပါဘူး။
    ဒါပေမယ့် အခု အမည်မသိနဲ့ စီဘောက်စ်မှာ မိုးမိုးစံလာပြောတာတို့ကို ဖတ်မိပြီး စိတ်မကောင်းဖြစ်ရပါတယ်။
    နောက်ကို ကဏန်းဝယ်ချက်မယ်ဆိုတဲ့ စိတ်ကူးကို ဖျက်လိုက်ပါတယ်နော်။ အခုလို ထောက်ပြသတိပေးတာလေးကိုလည်း ကျေးဇူးတင်ပါတယ်နော်။ နောက်လည်း အမြဲအလည်လာဖို့ ဖိတ်ခေါ်ပါတယ်။

    မနှင်းဆီရေ့ 
    အလည်လာတဲ့အတွက် ကျေးဇူးပါနော်။ ထမင်းမြိန်တာကတော့ အသေအချာပါပဲ မရယ်။

    မိုးကောင်းသူရေ့ 
    မမလုလည်း ငါးပိရည်အရမ်းကြိုက်တယ်။
    ဟော့ လက်ဆုံနေပြီနော်။ ဧည့်သည်လာမယ်ထင်တယ်နော်။ တစ်နေရာ ဖယ်ပေးထားရကြမယ်နော်။

    ReplyDelete
  7. ကမန်းကတန်းဟင်းခါးကို အမူးရှုးထိုး သောက်လိုက်လို့  လျှာပူသွားတယ် မမရေ

    အဟင့်။

    ဒညင်းသီးပြုတ်စားချင်တယ်။ သမီးက စားစိမ်ကြိုက်ဘူး။
း)

    ReplyDelete
  8. ဂဏန်းဟင်းစားချင်နေတာ :(( ဟင်းတွေအကုန်ကြိုက်တယ်နော်မမလု။ သွေးတော့တက်တော့မယ်နဲ့တူတယ်

    ReplyDelete
  9. ဂဏန်းဟင်းစားချင်နေတာ :(( ဟင်းတွေအကုန်ကြိုက်တယ်နော်မမလု။ သွေးတော့တက်တော့မယ်နဲ့တူတယ်

    ReplyDelete
  10. ဒီက မနေ့ထဲက လာကြည့်ပြီး ဂဏန်းဟင်းသရေယိုနေတာ..

    ReplyDelete
  11. အိတ်ကလေးရယ်
    ဖြေးဖြေးသောက်ပေါ့ကွယ်။ အခု လျှာကျက်သွားပြီလား။ ပြပါဦး မမလုကို။
    စုဗူးလေးရေ့ 
    သွေးတက်မှာစိုးလို့ ပင်စိမ်းလေးနဲ့ ပြန်ထိန်းထားပေးတာ။ နောက်မဟုတ်လို့ကတော့ မဆင်းရဲဘူး မဆင်းရဲဘူး၊ တိုးမှာပဲ တိုးမှာပဲ ဖြစ်နေမှာ အသေအချာ။
    sindanlar ရေ့ 
    ပျောက်နေတာကြာပြီ့ 
    အထုမှာပေါ်လာတယ်။ ဂဏန်းဟင်း သရေယိုနေလည်း အ၀သာ တီးနော်။

    ReplyDelete
  12. Dear ma lu lu,
    thank so much for your post.It's really helpful for me.thanks a million. By the way could u share me how to make Indonesia sate and sate sauce with kacang.(peanut)

    ReplyDelete