Friday, May 8, 2009

သတ်သတ်လွတ်ခ၀ဲသီးကြော်ချက်



မောင်နှမများအားလုံး မင်္ဂလာပါရှင်။ အင်တာနက်ကွန်နက်ရှင်မကောင်းတာရော၊ အလုပ်များတာရော၊ နေသိပ်မကောင်းတာရော အားလုံးပေါင်းပြီး ဘလော့ဂ်လေးကို ပစ်ထားရသလို ချစ်မောင်နှမတွေကိုလည်း နှုတ်ခွန်းမသီရတာကြာပါပြီနော်။ တစ်လကျော်လောက်ကြာအောင် မောင်နှမတွေကို ပစ်ထားသလို ဖြစ်ခဲ့တာကို လည်း ကျွန်မကို နားလည်ခွင့်လွှတ်ပေးဖို့ အရင်ဦးဆုံး တောင်းပန်ပါရစေနော်။
ဘလော့ဂ်ကို ကျွန်မ ၀င်တာ ၀င်လို့ကို မရသေးဘူးနော်။ Freedom နဲ့ ကျော်ကြတယ်ပြောတယ်၊ ကျွန်မက ကျော်လို့မရဘူးဖြစ်နေတယ်။ ဒါပေမယ့် ၀ိုင်းတော်သားများရဲ့ ကျေးဇူးကြောင့် ကျွန်မဘလော့ဂ်မှာ ဘယ်ညီမလေး၊ ဘယ်အမ၊ ဘယ်သူ၊ ဘယ်ဝါ လာအော်သွားတယ်ဆိုတာကိုတော့ သိခွင့်ရပါတယ်။ ဒီနေ့က စပြီး အားလပ်တိုင်း၊ အချိန်ရတိုင်း ယခင်အတိုင်းပဲ (မနှစ်တုန်းကအတိုင်း) ကျွန်မ ဟင်းအသစ်လေးတွေကို ချက်ကျွေး ပါဦးမယ်နော်။ အကြွေးလည်း တော်တော်ထူနေပါပြီ။ ကတိတွေလည်း ပျက်နေပါပြီ။ ခွင့်လွှတ်ကြပါနော်။
ဒီနေ့မှာတော့ ကျွန်မရဲ့မောင်နှမတွေကို သင်္ကြန်တုန်းက အိမ်မှာ သတ်သတ်လွတ်စားတဲ့ မောင်နှမတွေ အတွက် ချက်ပေးခဲ့တဲ့ ခ၀ဲသီးကြော်ချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်နော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ခ၀ဲသီး၊ ကြာဇံ၊ ကြက်နားရွက်မှို၊ ပန်းခြောက်၊ ပဲပြားခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သကြား၊ ဆား၊ ပဲငံပြာရည်အနည်းငယ်၊ ဆီအနည်းငယ်နဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

ခ၀ဲသီးဝယ်ရင် ခ၀ဲသီးအနုအရင့်ကို ဘယ်လိုခွဲရမယ်ဆိုတာလေးကိုလည်း ပြောပြပါမယ်နော်။ ခ၀ဲသီးမှာ ပါတဲ့ အမြှောင်းလေးတွေရဲ့ အကျဉ်းအကျယ်နဲ့ ဇောက်အတိမ်အနက်၊ ခ၀ဲသီးရဲ့အရောင်တို့ကို ကြည့်ပြီး ရွေးရပါ မယ်နော်။ ခ၀ဲသီးရဲ့အရောင်က စိမ်းစိုနေပြီး အမြှောင်းကျဉ်းမယ်၊ ဇောက်နက်မယ်ဆိုရင် ခ၀ဲသီး နုပါတယ်နော်။ အရောင်အစိမ်းခြောက်ခြောက်၊ မြှောင်းကျယ်ပြီး ဇောက်တိမ်မယ်ဆိုရင်တော့ ခ၀ဲသီး ရင့်ပါတယ်။ ရင့်တဲ့ ခ၀ဲသီးက ပွပြီး အချိုဓာတ်ပေါ့ပါတယ်နော်။

ခ၀ဲသီးအခွံမနွှာခင် ကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်နဲ့ ပဲပြားခြောက်တို့ကို တစ်မျိုးကို ဇလုံတစ်ခုထဲစီထည့်ပြီး ရေစိမ်ပေးထားပါ။ ကြက်သွန်ဖြူနီတို့ကိုလည်း အခွံနွှာ၊ ရေဆေးပေးထားပါ။ ခ၀ဲသီးကို အခွံနွှာတဲ့အခါ မြောင်းလေးတွေကို ဓားနဲ့ အရင်ဦးဆုံး သပ်ချလိုက်ပါ။ အဲ့ဒါဆိုရင် မြောင်းတွေမရှိတော့ဘဲ အခွံသင်ရတာ လွယ်ကူသွားပါလိမ့်မယ်။ ပြီးရင် အခွံနွှာပြီးသား ခ၀ဲသီးကို ရေဆေးပြီး ဓားထက်ထက်ကလေးနဲ့ ခပ်စွေစွေလေး လှီးဖြတ်ပေးထားပါ။ အခု ကြာဇံတွေကလည်း အနံ့နည်းနည်းရှိတာမို့ ရေနဲ့ နှစ်ကြိမ်၊ သုံးကြိမ်လောက် ပွတ်ပြီး ဆေးပေးပါ မှိုခြောက်ကိုလည်း ပထမတစ်ရေစိမ်ပြီးရင် ရေနွေးလေးနဲ့ စိမ်ပေးပြီး ပွလာတဲ့အခါကျမှ အရွယ်တော်လေးတွေ ရအောင် လှီးဖြတ်ပေးထားပါ ပန်းခြောက်ကိုလည်း ရေနဲ့ အနည်းဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ဆေး၊ ပြီးရင် အထဲက ၀တ်ဆံတွေကို ထုတ်ပစ်၊ အထုံးလေးတွေထုံးပေးပါ။ ပဲပြားခြောက်ကိုလည်း ရေနဲ့ သေချာအောင်ဆေးပြီး ရေစစ်ပေးထားပါ။

ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပေးပါ။ ကြက်သွန်နီကို လေးစိပ်စိပ်ပေးပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ပြီးရင် ဆီထမင်းစားဇွန်း တစ်ဇွန်းထည့်၊ ပြီးတော့မှ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကိုထည့်ပေးပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ မှိုခြောက်၊ ပန်းခြောက်၊ ပဲပြားခြောက်တို့ကို အရင်ထည့်ပေးပါ။ ပြီးရင် သကြား၊ ဆား၊ ပဲငံပြာရည်အနည်းငယ်တို့ကိုထည့်၊ ရေလေးနည်းနည်းထည့်ပြီး အုပ်ပေးထားပါ။ သုံးမိနစ်လောက်ထားပြီးရင် ကြာဇံထည့်ပြီး သမအောင်မွှေ၊ ရေလေးနည်းနည်းထည့်ပြီး သုံးမိနစ်လောက် ထပ်တည်ပေးထားပါ။ ရေလည်းခမ်းလောက်ပြီ အထဲက အဆာပလာတွေလည်း နူးလောက်ပြီဆိုရင် ဒယ်အိုးအဖုံးကိုဖွင့်ပြီး ခ၀ဲသီးကိုထည့်၊ အားလုံးသမအောင် မွှေပေးပြီးတော့မှ ဒယ်အိုးအဖုံးကို ခဏလောက်အုပ်ပြီး တည်ပေးပါ။ ခ၀ဲသီးနူးလောက်ပြီဆိုရင် အပေါ့အငံမြည်း၊ လိုအပ်တဲ့အရသာကိုထပ်ဖြည့်၊ ရေစပ်စပ်လေးနဲ့ စားလို့ရအောင် ရေနွေး လက်ဘက်ရည် ပန်းကန်လုံးတစ်လုံးသာသာလောက်ဖြည့်ပြီး ပွက်အောင်တည်၊ ဟင်းအိုးဆူရင်တော့ မီးပိတ်ပြီး မီးဖိုပေါ်ကနေ ဟင်းအိုးချနိုင်ပါပြီနော်။ အဲ့ဒါဆိုရင်တော့ အရသာရှိလှတဲ့ သတ်သတ်လွတ် ခ၀ဲသီးကြော်ချက်လေး ရပါပြီနော်။ ခ၀ဲသီးကို ဒီအတိုင်းကြော်ချက် ချက်ရင်လည်း ရပေမယ့် ပိုပြီးတော့ စားမြိန်သွားရအောင် မှိုခြောက်ပန်းခြောက်လေးနဲ့ ကြာဇံဟင်းလေးလို ချက်ပေးလိုက်တာပါနော်။ ငရုတ်သီးဆားထောင်း၊ သရက်ချဉ်သုပ်၊ ဆီတိုဟူးလေးတို့နဲ့သာဆိုရင်တော့ အရမ်းကို ပြည့်စုံတဲ့ ထမင်းဝိုင်းလေး ဖြစ်သွားပါမယ်နော်။ ချစ်မောင်နှမတွေလည်း တစ်ခါတလေ ဟင်းပြောင်းအလဲလေးချက်ချင်ရင် ခ၀ဲသီးကြော်ချက်လေး ချက်စားကြည့်ပါဦးနော်။

6 comments:

  1. ထမင်းမြိန်စေမယ့် ဟင်းတခွက်ရပြီ။ မမလု ကျေးဇူးပါရှင်။

    ReplyDelete
  2. လပြည့်ညမှာ သက်သတ်လွတ်ဟင်းစားရပြီ ။ မလုရဲ့ လက်ရာလေးတွေ လွမ်းနေတာ ။ ဂလု ။ ကိုယ်တိုင်တော့ ချက်တတ်ဖူး ။ သူကြီးကတော် နည်းနဲ့ ပြန်ချက်စားမယ်လေ ။ နေကောင်းပါစေ .ချမ်းမြေ့ပါစေ

    ReplyDelete
  3. မြူးသျှရီMay 9, 2009 at 2:45 AM

    မမလုရေ...............
    လွမ်းနေတာနော်
    ချားမယ်ချားမယ်
    အားလုံးသယ်သွားပြီ

    ReplyDelete
  4. ဆွမ်းကပ် ဖို့ ရှိတာနဲ့ အတော်ပဲ။
    ဟင်းတခွက်ရပြီ။ ကျေးဇူးပါပဲ။

    ReplyDelete
  5. မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။
    မမလု အလုပ်များနေတာမို့ အဆင်ပြေတိုင်း ဟင်းအသစ်လေးတွေ တင်ပေးသွားပါမယ်နော်။ လိုအပ်တာရှိရင်လည်း ပြောကြပါနော်။
    မိုးကောင်းသူ၊ kiki၊ မြူးသျှရီနဲ့ ရှင်လေးတို့ကိုလည်း ကျေးဇူးတင်ပါတယ်နော်။ :*

    ReplyDelete
  6. hello... hapi blogging... have a nice day! just visiting here....

    ReplyDelete