Sunday, March 22, 2009

ကျွန်မနှင့် ဒုတ်ဟင်း

မောင်နှမများအားလုံးမင်္ဂလာပါရှင့့်  ဒီနေ့လည်း ကျွန်မနှင့် ဒုတ်အကြောင်းကို လျှာရှည်ပါဦးမယ်နော်။ ကျွန်မတို့မော်လမြိုင်ဘက်က ရေမြေအနေအထားက မြေဆွေးထည့်စရာမလိုဘဲ မြေသြဇာ သိပ်ကောင်း ပါတယ်။ အိမ်ရဲ့ အနောက်ဘက်ခြံဝင်းထဲမှာ ငှက်ပျောပင်၊ ပိန္နဲပင်၊ သရက်ပင်၊ ဒန့်သလွန်ပင်၊ ကွမ်းပင်၊ ငရုတ် ပင်၊ ချဉ်ပေါင်၊ စပါးလင်၊ ချင်း၊ မာလကာ၊ သင်္ဘော အစရှိတဲ့ သီးပင်တွေ ရှိသလို ကန်ဇွန်းခင်းကြီးကလည်း သန်လိုက်တာမှ ထွက်လာတဲ့ ကန်ဇွန်းနွယ်တွေကို ခူးဆွတ်လို့ပင် မကုန်နိုင်။ ခူးလေ အညွန့်အတက်ထွက်လေ ဖြစ်တာမို့ နောက်ဆုံး အိမ်နီးနားချင်းတွေကိုပါ ကြိုက်သလောက် လာခူးနိုင်ပါတယ်လို့ ခွင့်ပေးခဲ့ရတာ့  ဒါတင်မကသေးဘူးနော့့်  ပန်းပင်လေးတွေကလည်း ရှိသေးတယ်။
အဲ့ဒီလို အပင်တွေကနေ ရလာတဲ့ အပွင့်၊ အရွက်၊ အသီး အကုန်လုံးက အိမ်က မိသားစုအတွက် လိုအပ်တဲ့ဟင်းသီးဟင်းရွက်အတွက် အမာခံပါပဲနော်။ သွေးတိုးတတ်တဲ့ ကြီးမေအတွက် ဒန့်သလွန်ပင်ကြီးက အမာခံအနေနဲ့ ရပ်တည်ပေးထားသလို မကြာခဏ ရင်ကြပ်တတ်တဲ့ အကြီးအေးအတွက်တော့ ကွမ်းရွက်ပင်က အသင့်စောင့်နေတာပေါ့။
အဲ့ဒီရှိတဲ့အပင်တွေထဲက ကျွန်မ မကြိုက်တဲ့အသီးရှိတယ်။ ဒုတ်လို့ ကျွန်မခေါ်တဲ့ ဒန့်သလွန်သီးပေါ့။
မော်လမြိုင်ဘက်က ရေမြေကောင်းတော့ ဒန့်သလွန်သီးကြီးတွေများ စိမ်းစိုနုဖတ်ပြီး သွယ်လျရှည်လျားနေတာ ပဲ။ ပြီးတော့ အခွံပါး၊ အတွင်းသားထူထူနဲ့ ဒန့်သလွန်စေ့လေးတွေကလည်း နုဖတ်ဖတ်လေးနဲ့ အရမ်းကို ကောင်းတာနော်။ ဘယ်လောက်ပဲ ရင့်မှည့်လာလာ အရောင်မွဲခြောက်ခြောက်နဲ့ ဖြစ်မသွားဘူး။ ဒါပေမယ့်လေ ဒန့်သလွန်ပင်တစ်ပင်က သီးလာတဲ့အသီးတွေက စားလို့မကုန်နိုင်ဘူး။ အိမ်မှာ ဒန့်သလွန်သီး ပေါတဲ့အချိန် ကျရင် နေ့တိုင်း အဲ့ဒီဒုတ်ဟင်းက ပါနေရော။ ကျွန်မက နေ့တိုင်းဆိုတော့ အဲ့ဒီဟင်းကို မစားချင်တော့ဘူးလေ။ အဲ့ဒီတော့ အဲ့ဒီဟင်းချက်တဲ့နေ့ဆို ကလန်ကဆန်လုပ်တော့ ကျွန်မရဲ့ အဘွားက ဒန့်သလွန်သီးနဲ့ ကျွန်မကို ဆော်ပလော်တီးတော့တာပေါ့။ အဲ့ဒီကနေ့ကစပြီး ကျွန်မရဲ့ မောင်နှမတွေက ဒန့်သလွန်သီးဟင်းချက်တိုင်း ကျွန်မကို ဒုတ်ဟင်းစားရတော့မယ် ဟေ့  ဟေ့  ဒုတ်ဟင်းမစားရင်တော့ ဒုတ်စာမိတော့မယ့့်  ဆိုပြီး ကျီစယ်ကြတော့တာ ယနေ့ထိပါပဲ။
ဒါပေမယ့်လေ အဘွားရဲ့ ဒုတ်စာမိပြီးတဲ့အချိန်က စပြီး ကျွန်မက အဲ့ဒီဒန့်သလွန်သီးဟင်းကို မဖြစ် မနေ စားရင်းနဲ့ ကြိုက်သွားတော့တာ ကနေ့ထိ ဒန့်သလွန်သီးတွေ့ပြီဆိုရင် ချက်ပြီးသားပဲ။ ဒါပေမယ့်လေ အခု ရန်ကုန်မြို့ရဲ့ မြို့သစ်လေးတစ်ခုမှာ နေနေရတဲ့အချိန်မှာတော့ အိမ်မှာ ဒန့်သလွန်ပင် စိုက်လို့ သီးပေ မယ့် မော်လမြိုင်နဲ့ ရေမြေမတူတော့လေ သီးတဲ့အသီးကလည်း စိမ်းစိမ်းစိုစိုမရှိဘဲ ညိုတိုတိုဖြစ်နေတာမို့ ကျွန်မက အမေ့ကို ပြောပါတယ်။ အမေ့  ဒီက ဒန့်သလွန်သီးတွေက မော်လမြိုင်က ဒန့်သလွန်သီးတွေနဲ့ ယှဉ်လိုက်ရင် ဇရာအိုနဲ့ ကညာပျိုလိုပဲနော်လို့ ပြောတော့ အမေကလေ ရီလိုက်တာ့ မော်လမြိုင်က ဒန့်သလွန်သီးတွေများ နုဖတ်နေတာပဲ့  ဒီက ဒန့်သလွန်တွေက အဘိုးအိုကျနေတာပဲလို့ ပြောလို့လေ့ 
အဲ့ဒီဒုတ်ကို ဒီနေ့မှာတော့ ကျွန်မရဲ့မောင်နှမတွေအတွက် ငါးရံ့လေးနဲ့ ချဉ်ရည်ဟင်းလေး ချက်ကျွေးပါဦးမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဒုတ် (၁၀) ချောင်း၊ ငါးရံ့ အကောင်ကြီး တစ်ကောင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုပွတောင့်၊ မန်ကျည်းသီးမှည့်၊ ငါးပိစိမ်းစားအနည်းငယ်၊ ဆီ၊ ငံပြာရည်၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။
ဈေးထဲမှာ ဒန့်သလွန်ဝယ်ရင် နုလား၊ ရင့်လား ဘယ်လိုခွဲခြားမလဲဆိုတာကိုလည်း မောင်နှမတွေကို လက်တို့လိုက်ပါရစေနော်။ ၀ယ်မယ့် ဒန့်သလွန်သီးရဲ့ ထိပ်နှစ်ဘက်ကို ကိုင်လိုက်ပြီး အသာလိမ်လိုက်ပါ။ ဒန့်သလွန်သီးလေးမှာရှိတဲ့ အမျှောင်းလေးတွေကြားထဲကနေ အက်ကွဲထွက်မလာဘဲ လိမ်လိုက်တဲ့ နောက်က နေ အလိုက်သင့်လေးပါလာတယ်ဆိုရင် ဒန့်သလွန်သီးက နုပါတယ်။ မဟုတ်ဘဲ ကွဲထွက်သွားတယ်ဆိုရင်တော့ ဒန့်သလွန်သီးရင့်ပါတယ်နော်။
ငါးရံ့ကို အကြေးမထိုးခင် မန်ကျည်းနှစ်နဲ့ လူးပြီး ဆေးကြောပစ်ပါ။ ပြီးတော့မှ အကြေးထိုး၊ ဘေးဆူးတောင်ခုတ်၊ ဗိုက်ခွဲ၊ မလိုအပ်တာတွေ ဖယ်ထုတ်၊ သန့်ရှင်းရေးလုပ်ပြီးတော့ ရေစင်အောင် ဆေးပါ။ ပြီးရင် ငါးရံ့ကို ခေါင်းဖြတ်၊ ကိုယ်ထည်ပိုင်းကို အကွင်းလိုက်လေးတွေ ရအောင် လှီးပြီး ဆား၊ ငံပြာရည် အနည်း ငယ်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်နယ်ပေးထားပါ။ ပြီးရင် ဒုတ်(၁၀) ချောင်းကို သန့်ရှင်းရေးလုပ်ပါမယ် နော်။ ဒုတ်ရဲ့ ထိပ်နှစ်ဘက်ကို အရင် ဓားလေးနဲ့ ဖြတ်လိုက်ပါ၊ ပြီးတော့မှ ကိုယ်လိုချင်တဲ့ အရှည်လောက်လေး တွေ ဓားရာပေးပြီး အသာဖိချလိုက်ပါ။ တစ်ဖက်က ပြတ်ထွက်သွားပြီး နောက်တစ်ဘက်ကို အခွံမျှင်လေးတွေပါ ပါအောင် ဆွဲချလိုက်ပါ။ ပြီးတော့မှ ဘေးနှစ်ဘက်က အခွံ အစိမ်းရောင်တွေ ကုန်အောင် ဓားလေးနဲ့ ဆွဲခွာချပေး ပါ။ ပြီးရင် ဒန့်သလွန်သီးတွေကို ရေဆေးပြီး ရေစစ်ပေးထားပါ။
ငရုတ်သီး အပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေစိမ်ပေးပါ။ ကြက်သွန်ဖြူနီကို အခွံနွှာ၊ ရေဆေး ပြီးရင်တော့ ငရုတ်သီးကို အရင်ညက်အောင်ထောင်း၊ ငရုတ်သီးညက်ပြီဆိုရင် ကြက်သွန်ဖြူကို ထည့်ထောင်း၊ ညက်ပြီ ဆိုရင်တော့ ကြက်သွန်နီကို ထည့်ထောင်းပေးထားပါ။ မန်ကျည်းသီးကိုလည်း တစ်ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ နယ်ပြီး အနှစ်တိုက်ပေးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင် တော့ ငပိစိမ်းစားလေးကိုပါထည့်ပြီး ဆီသတ်၊ ပြီးရင် ငါးတွေကိုထည့်ပြီး ဆီသတ်ပါ။ ငါးတွေကြေမသွားရ အောင် ငါးတွေဆီသတ်ပြီးထားနဲ့ အသာလေးဆယ်ယူပြီးတော့ ပန်းကန်တစ်ချပ်ထဲ ထည့်ပေးထားပါ။ ပြီးရင် ဒန့်သလွန်သီးတွေကို ထည့်ပြီး ဒန့်သလွန်သီးမြုပ်အောင် ရေထည့်၊ အဖုံးအုပ်ပြီး တည်ပေးပါ။ ရေခမ်းလောက် ပြီဆိုရင် ဒန့်သလွန်သီးလည်း နူးခါနီးဖြစ်တဲ့အချိန်နဲ့ အနေတော်ပါ။ ပြီးရင် ဟင်းအိုးထဲကို ငါးတွေထည့်ပြီး မန်ကျည်းနှစ်တွေကိုထည့်၊ ရေလိုသလောက်ထည့်ပြီး ဟင်းအိုးဆူအောင် ထပ်တည်ပေးပါ။ ဟင်းအိုးပွက်လာပြီ ဆိုရင်တော့ အပေါ့အငံမြည်းပြီး လိုတာထပ်ဖြည့်ပြီး ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ဒန့်သလွန်သီး ငါးရံ့ဟင်းလေး ရပါပြီနော်။
ဘာလချောင်ကြော် (သို့မဟုတ်) ငါးပိရည်ဖျော်၊ တို့စရာအစုံအလင်လေးနဲ့ဆို လိုက်ဖက်ပါတယ် နော်။ စကားမစပ့့်  ဒီနေ့လည်း ဒုတ်နဲ့ ငါးခေါင်းချဉ်ရည်ဟင်းချက်ပြီး သရက်ကင်း (စိုင်သီး) လေးရယ်၊ ပုတက်စာရယ်က တို့စရာပေါ့နော်။ လာစားလှည့်ပါဦးနော်။

10 comments:

  1. စားချင်လိုက်တာနော်.... သရေလေးတွေသိမ်းပြီးပြန်သွားပါတယ် :(

    ReplyDelete
  2. စားချင်တယ်နော်... :D

    ReplyDelete
  3. သြော် ဒန့်သလွန်သီးကို အဲလိုရွေးရတာကိုး...

    ReplyDelete
  4. အားးးးးးးးးးးးးးး

    စားချင်လိုက်တာ ... နောက်ဆုံးရောက်တော့ ပိုဆိုးသွားတယ်။

    သရက်သီးစိုင်သီးလေးနဲ့ လဲဆိုတော့ မထင်မှတ်ဘဲ တံထွေးထွေးလိုက်တာ သီးသွားတယ်
း)
    အဟီးးးးးးးးးးးးးးးး

    ReplyDelete
  5. မှားလို့ နော်

    တံထွေးထွေးတာဟုတ်ဘူး။
    တံထွေးမျိုချလိုက်တာ သီးသွားတယ်
း)

    ReplyDelete
  6. ဒုတ်ဟင်းလို့ ခေါ်သလားဗျ။ အခုမှ ကြားဖူးတယ်..။ ဒုတ်ဟင်းကို လွမ်းမိတယ်ဗျာ..။

    ReplyDelete
  7. ၀ါဝါလေးရေ့  စားဖို့ ဖိတ်ခေါ်ပါတယ်နော်။
    ညီမလေး စုဗူးရေ့ စားချင်သလောက်သာ သွားပါနော်။
    ညီမလေးနွေးရေ့ 
    ဒန့်သလွန်သီးကို အဲ့ဒီလိုရွေးရတယ်လို့ အဖွားတို့ ပြောခဲ့တာကို မျှဝေတာပါနော်။
    မီးမီးငယ်ရဲ့ ထည်ဝါချိုရေ့ 
    တံတွေးသီးသွားလို့ နေရခက်နေမလား။ ဖြေးဖြေးစားပါနော်။
    ကိုနေညိုရေ့ 
    ဒုတ်ဟင်းကို လွမ်းလားနော့် စားပါနော်

    ReplyDelete
  8. မမလုရေ.....

    မော်လမြိုင်သူတွေဟင်းချက်ကောင်းတယ်ဆိုတာ
    ခုမှတကယ်ကိုယုံသွားပြီ...ခိုင်လဲချက်တတ်ချင်လိုက်တာ..
    :(...မမblog ကိုပဲအားကိုးပြီးအချက်သင်တော့မယ်..:)

    ReplyDelete
  9. ဟင်းချက်နည်း တော်တော်များများကို လေ့လာသွားပါတယ်.. ကျေးဇူးအထူးတင်ပါတယ် မလု။

    ReplyDelete