Tuesday, December 23, 2008

ကြောင်လျှာသီးသုပ်


အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေကို ကြောင်လျှာသီးသုပ်လေး လုပ်ပေးပါမယ်နော်။ ကြောင်လျှာသီးကို ခါးတယ်ဆိုပြီး မစားဘဲနေကြတဲ့ မောင်နှမတွေ ရှိမှာပါ။ ဒီနေ့ ကျွန်မသုပ်ပေးတဲ့ ကြောင်လျှာသီးသုပ်ကတော့ လုံးဝမခါးဘဲ တစ်ပန်းကန်လုံး ဒီအတိုင်းစားချင်စိတ်ကို ပေါက်လာစေရပါမယ်။ အခု ကြောင်လျှာသီးသုပ်ကိုတော့ အိမ်မှာ ကျွန်မအစ်ကိုက သုပ်တာပါ။ လိုအပ်တဲ့ပစ္စည်းတွေကတော့၊ ကြောင်လျှာသီး၊ ဆန်ဆေးရည်၊ သံပုရာသီး၊ မြေပဲလှော်၊ ပုစွန်ခြောက်၊ ဆီချက်၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီတို့ပါနော်။

ထမင်းအိုးတည်ဖို့ ဆန်ဆေးတဲ့အခါ ရလာတဲ့ ဆန်ဆေးရေကို ဇလုံတစ်လုံးနဲ့ ယူထားပေးပါ။ အသုပ် မသုပ်ခင် တစ်နာရီလောက်အလို ကြောင်လျှာသီး အတောင့်လိုက်ကို ရေစင်အောင်ဆေးပြီး ပါးပါးလေးတွေ ရအောင် လှီးပေးပါ။ လှီးပြီးသား ကြောင်လျှာသီးကိုမှ ဆားလေးနဲ့ နယ်ပြီးတော့ ဆန်ဆေးရေထဲ စိမ်ပေးထားပါ။ အဲ့ဒီအချိန်မှာ ကြက်သွန်နီဆီချက် ချက်ထားပေးပါ။ ကြက်သွန်နီ အစိမ်းတချို့ကိုလည်း ပါးပါးလေးလှီးပြီး မမွှန်အောင် ရေနဲ့ဆေးပြီး စစ်ပေးထားပါ။ ငရုတ်သီးစိမ်းလေးတွေကိုလည်း ပါးပါးလေးဖြစ်အောင် လှီးပေးထားပါ။ မြေပဲနဲ့ ပုစွန်ခြောက်ကိုလည်း မညက်တညက်လေးရအောင် ထောင်းပေးပါ။ ကြောင်လျှာသီးစိမ်ထားတာ နာရီဝက်လောက် ကြာတဲ့အခါ ကြောင်လျှာသီးတွေကို ဆယ်ယူပြီး ရေနဲ့ သန့်စင်အောင် ဆေးပြီး အရည်တွေ ညှစ်ထုတ်ပစ်ပါ။ ပြီးတော့မှ ကြောင်လျှာသီးတွေကို ဇလုံတစ်လုံးထဲထည့်၊ သံပုရာရည် များများလေး ညှစ်ထည့်ပေးပြီး ငါးမိနစ်လောက်နှပ်ထား၊ ပြီးတော့မှ အဲ့ဒီ အသုပ်ဇလုံထဲကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ မြေပဲထောင်း၊ ပုစွန်ခြောက်ထောင်း၊ ငံပြာရည်၊ ဆီချက်တို့ကိုထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ အပေါ့အငံအရသာကို မြည်းပြီး လိုတဲ့အရသာ ထပ်ဖြည့်ပါ။ ပြီးတော့မှ ပန်းကန်ပြားလေးထဲ အသုပ်တွေထည့်၊ ကြက်သွန်ကြော်လေးတွေ အပေါ်ကနေ ဖြူးလိုက်ရင်ဖြင့် ကြောင်လျှာသီးသုပ် ချဉ်ငံစပ်လေး ရပါပြီနော်။
(အဲ့ဒီနေ့က ကြက်သွန်ကြော်တူးသွားလို့ ပုံထဲမှာ မည်းမည်းတူးတူးလေးဖြစ်နေတယ်။ သည်းခံစားနော်)

2 comments:

  1. စားချင်လိုက်တာ မမလုလုရယ်.
    ကြောင်လျှာသိးသုပ်ကို သိပ်ကြိုက်
    မခါးအောင် ဆန်ဆေးရေနဲ့စိမ်ရတာ ခုမှသိတယ်.. ဟီးဟီ သိဆို.. အိမ်က သုတ်ကျွေးတာပဲ စားဘူးတာ။

    ReplyDelete
  2. ညီမလေးရေ
    စားချင်ရင် အ၀သာ တီးပစ်လိုက်။
    မမလည်း ကြောင်လျှာသီးသုပ်ကို အရမ်းကြိုက်တယ်။

    ReplyDelete