Friday, December 5, 2008

ဆိတ်ကလီစာချက် + ပဲဝါလေးဆူးပုပ်ဟင်းချို + ပဲစောင်းလျားသီးသုပ်




အားလုံးသောမောင်နှမများ မင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဒီနေ့တော့ ဆိတ်ကလီစာချက်ကျွေးပါမယ်နော်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆိတ်ကလီစာ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအပွတောင့်၊ ဖာလာစေ့၊ ဇီယာစေ့၊ မာဆလာ၊ ဆား၊ ဆီနဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

ဆိတ်ကလီစာထဲက အသည်းနဲ့ နှလုံးတို့ကို ရေနဲ့ သန့်စင်အောင် အရင်ဆေးပေးပါ။ ပြီးရင် ဆိတ်အဆုတ်ကို သံပုရာရည်နဲ့ နယ်ပြီးတော့မှ အထဲက အမြှုပ်တွေပါထွက်လာအောင် နာနာနယ်၊ ညှစ်ထုတ်ပစ် ပြီးတော့ ဆေးပေးပါ။ ဆိတ်ပုဆိုးကြမ်းကိုတော့ ကွမ်းစားထုံးနဲ့ပွတ်ပြီးတောမှ့ နယ်ဆေးပေးပါ။ ပြီးရင် ကလီစာအားလုံးကို အရွယ်တော်လေးတွေ ရအောင် လှီးပြီး သံပုရာရည်နဲ့ နယ်ပြီး ၁၀ မိနစ်လောက် ထားပေးပါ။ ချင်းကို အခွံနွှာ၊ ရေဆေးပြီး အရည်ညှစ်ယူထားပါ၊ ပြီးရင် ဇီယာစေ့နဲ့ ဖာလာစေ့ကို မညက်တညက်လေး ထောင်းလိုက်ပါ။ ပြီးတော့မှ သံပုရာရည်နဲ့ နှပ်ထားတဲ့ ကလီစာထဲကို ချင်းညှစ်ရည်ရယ်၊ ဇီယာ၊ ဖာလာစေ့၊ ဆား၊ သကြား၊ နဲ့ ဟင်းခတ်မှုန့်အနည်းငယ်တို့ကို ထည့်ပြီး ရောနယ်ပေးပါ။

ငရုတ်သီး အပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေစိမ်ပေးပါ။ ကြက်သွန်နီကို အခွံနွှာ၊ ရေဆေး ပြီးရင်တော့ ငရုတ်သီးကို အရင်ညက်အောင်ထောင်း၊ ငရုတ်သီးညက်ပြီဆိုရင် ချင်းကို ထည့်ထောင်း၊ ချင်းညက်ပြီ ဆိုရင်တော့ ကြက်သွန်နီကို ထည့်ထောင်းပေးထားပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေးခပ်၊ ပြီးတော့ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်စိမ်းနံ့ပျောက်ပြီဆိုရင်တော့ အသားတွေကိုထည့်ပြီး ဆီသတ်ပါ။ အသားတွေထဲက ထွက်လာမယ့်ရေကို ပထမဦးဆုံးခမ်းအောင် တည်ပေးပါ။ ပထမတစ်ရည်ခမ်းပြီးရင် ဟင်းအိုးကို နှံ့အောင် မွှေပြီးတော့မှ လက်ဘက်ရည်ပန်းကန်လုံးတစ်လုံးစာ ရေထပ်ဖြည့်၊ အဖုံးအိပ်ပြီး တည်ပေးပါ။ ဟင်းအိုးရေခမ်းခါနီးပြီဆိုရင် အဖုံးဖွင့်၊ ပြီးတော့ ဟင်းအိုးကို အပေါ့အငံ၊ နူး၊ မနူးမြည်း၊ အပေါ့အငံလိုရင် လိုတဲ့အရသာထပ်ဖြည့်၊ အနူးလိုသေးရင် ရေလေးထပ်ဖြည့်ပြီး တည်ပေးပါနော်။ နယ်စားလို့ရအောင် ဆီကျန်ရေကျန်လေးနဲ့ချလိုက်ရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဆိတ်ကလီစာချက်လေး ရပါပြီနော်။

ဆိတ်ကလီစာချက်နဲ့ တွဲဖက်စားဖို့ ပဲဝါလေးဟင်းချိုကို ဆူးပုတ်ရွက်လေးခပ်ပြီး ချက်မယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲဝါလေး၊ ဆား၊ ဆီအနည်းငယ်၊ ဟင်းခတ်မှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆူးပုတ်ရွက်တို့ပါနော်။

ပဲဝါလေးကို ရေစင်အောင်ဆေးပြီးတော့ အိုးတစ်လုံးထဲ ထည့်ပေးပါ။ ကြက်သွန်ဖြူနီတို့ကို အခွံနွှာပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ကြက်သွန်နီကို လေးစိတ်ထိုးပေးပါ။ ပြီးရင် ဆီနည်းနည်း၊ ဆားလေးရယ်၊ ဟင်းခတ်မှုန့်လေးရယ်၊ ကြက်သွန်ဖြူနီတို့ကို ထည့်၊ ရေလေး လက်ဘက်ရည်ပန်းကန်လုံးတစ်လုံးစာ ထည့်ပြီး ဟင်းအိုးတည်ပေးပါ။ ပဲဟင်းအိုးပွက်လာပြီဆိုရင် ဝေမကျအောင်လို့ အဖုံးကို တ၀က်လောက် ဟထားပြီး တည်ပေးပါ။ ပထမတစ်ရည်ခမ်းပြီဆိုရင် နောက်ထပ် ရေထပ်ဖြည့်ပြီး တည်ပေးပါ။ ပဲနူးပြီဆိုရင်တော့ အပေါ့အငံမြည်းပြီး ဆူးပုတ်ရွက်လေးခပ်ပြီး ပွက်အောင်တည်၊ ဟင်းအိုးပွက်ပြီဆိုရင်တော့ ပဲဝါလေး ဆူးပုပ်ဟင်းချိုလေး ရပါပြီနော်။

ဆီပြန်ဟင်းရယ်၊ အရည်သောက်ရယ် ရပြီဆိုရင်တော့ ထမင်းဝိုင်းလေး စိုပြည်သွားရအောင် အသုပ်လေး တစ်ပွဲလောက် ထည့်မယ်နော်။ ပဲစောင်းလျားသီးလေးရှိတာမို့ သုပ်လိုက်မယ်နော်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲစောင်းလျားသီး၊ ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ ငရုတ်သီးစိမ်း၊ သံပုရာသီး၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ပါနော်။

မီးဖိုပေါ် ဒယ်အိုးတင်၊ ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပေး၊ အဲ့ဒီအချိန်မှာ ပဲစောင်းလျားသီးတွေကို ထိပ်နှစ်ဘက်ကနေအသာခြွေချပြီး ဘေးက အမျှင်တွေ ဖယ်ထုတ်ပစ်ပါ။ ရေနွေး ပွက်ပွက်ဆူတာနဲ့ ပဲတောင့်တွေကို ထည့်လိုက်ပါ။ နူးအိအောင် ပြုတ်တာမဟုတ်ဘဲ ရေနွေးပွက်ပွက်ဆူထဲ ခဏထည့်ပြီးတာနဲ့ ဆယ်ယူလိုက်ပြီး ရေအေးထဲ စိမ်ပေးထားပါ။ အစိမ်းရောင်လေးပဲ ဖြစ်နေသလို ခပ်ကြွတ်ကြွတ်နဲ့ စားကောင်းအောင်လို့ပါနော်။ ပြီးတော့မှ ပဲသီးတောင့်တွေကို ခပ်ပါးပါးလှီးပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာရေဆေးပြီး ပါးပါးလှီးပေးပါ။ မြေပဲနဲ့ ပုစွန်ခြောက်တို့ကိုလည်း ထောင်းပေးပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပေးပါ။ သံပုရာသီးကိုလည်း စိတ်ပေးထားပါ။

ပြီးရင် ဇလုံတစ်လုံးထဲကို လှီးထားတဲ့ ပဲစောင်းလျားသီးရယ်၊ ကြက်သွန်နီရယ်၊ မြေပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ဟင်းခတ်မှုန့်အနည်းငယ်၊ သံပုရာရည်၊ ဆီချက်တို့ကို ထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ကျွန်မက အသုပ်ကို အပေါ့အငံမြည်းပြီးတော့မှ ဟင်းတွေထဲမှာ အချဉ်မပါသေးတဲ့အတွက် ပဲစောင်းလျားသီးသုပ်ကို ချဉ်ချဉ်စပ်စပ်လေးဖြစ်အောင် သုပ်ပါတယ်။ အဲ့ဒါဆိုရင်တော့
ပဲစောင်းလျားသီးသုပ်လေး ရပါပြီနော်။

ဒီနေ့ထမင်းဝိုင်းအတွက် ဆိတ်ကလီစာဟင်းရယ်၊ အရည်သောက်က ပဲဝါလေးဆူးပုတ်ဟင်းချိုရယ်၊ ပဲစောင်းလျားသီးသုပ်ရယ်ပါနော်။ မောင်နှမတွေအားလုံး ထမင်းမြိန်မြိန်လေး သုံးဆောင်ကြပါဦးနော်။

2 comments:

  1. တီလုရေ...ဆိတ်ကလီစာကကောင်းတယ်နော်...မညှီဘူး
    မဆာလာနံ့လေးသင်းနေတာပဲဗျ...ဆူးပုပ်လေးနဲ့လဲ
    တော်တော်လိုက်သဗျ...ပဲစောင်းလျားသီးကတော့
    မစားတတ်ပေမဲ့မြီးသွားပါတယ်...ဖန်ဖန်ချဉ်ချဉ်လေးပဲ

    ReplyDelete
  2. မမလုလုရေ့  အစ်မအရင်းသာ တော်လိုက်ချင်တယ်။ တော်မှာလားဗျို့။ ချက်သမျှ အကုန်ကြိုက်တယ်ဗျို့။

    ReplyDelete