Wednesday, December 3, 2008

ချဉ်ပေါင်ဟင်းအစပ်ချက်+ ငါးဖယ်ဆုပ်ကြော်ချက် + ငါးနှပ်ခြောက်မီးဖုတ်




အားလုံးမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမတွေကို ဟင်းချက်မကျွေးရတာ ကြာပြီမို့ ဒီနေ့တော့ ချဉ်ပေါင်ဟင်း၊ ငါးဖယ်ဆုပ်ကြော်ချက်၊ ငါးနှပ်ခြောက်မီးဖုတ်လေးချက်ကျွေးပါမယ်နော်။
ချဉ်ပေါင်ဟင်းချက်ဖို့အတွက် လိုအပ်တာကတော့ ချဉ်ပေါင်ရွက်၊ မျှစ်၊ ရုံးပတီသီး၊ ပုစွန်ဆိတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငါးပိစိမ်းစား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်နဲ့ ဆီအနည်းငယ် တို့ပါ။

ပုစွန်ဆိတ်လေးတွေကို ရေဆေးပြီးတော့မှ ခေါင်းပိုင်းတွေကို သေသေချာချာ သန့်ရှင်းရေးလုပ်ပေးပါ။ ပြီးရင် ဆားလေးရယ် နနွင်းမှုန့်လေးရယ်နဲ့ နယ်ပေးထားပါ။ ချဉ်ပေါင်ရွက်ကို ခြွေပြီးတော့မှ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါတယ်။ မျှစ်နုနုလေးတွေကိုတော့ အတောင့်လိုက်လေးတွေ ပြုတ်ပစ်ပြီးတော့မှ ဓါးနဲ့ ခပ်ပါးပါးလေးတွေရအောင် လှီးပေးပါ။ ရုံးပတီသီးကိုတော့ အတောင့်လိုက်ရေဆေးပြီးတော့မှ အောက်ပိုင်းနဲ့ ထိပ်ပိုင်းကို ဖြတ်ပစ်ပြီး ၃ ပိုင်းပိုင်းထားပေးပါ။ ငရုတ်သီးစိမ်းကို အညှာခြွေပြီး မညက်တညက်ထောင်းပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို အခွံနွှာရေဆေးပြီး တဆက်တည်း ထောင်းပေးပါ။

အားလုံးအသင့်ဖြစ်တဲ့အခါ မီးဖိုပေါ် အိုးတစ်လုံးတင်၊ ဆီလေးနည်းနည်းထည့်၊ ဆီပူလာရင် နနွင်းမှုန့် လေးခပ်၊ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်ထည့်ပြီး မီးအသင့်အတင့်နဲ့ ဆီသတ်ပေးပါ။ ကြက်သွန်နွမ်း သွားတာနဲ့ ပုစွန်လေးတွေထည့်ပြီး ရောမွှေဆီသတ်ပေးပါ။ ပြီးရင်တော့ ချဉ်ပေါင်ရယ်၊ မျှစ်ရယ်ကို ရောထည့်ပြီး မွှေပေးပါ။ ချဉ်ပေါင်တွေကြေသွားပြီးတဲ့အခါမှာတော့ ငါးပိစိမ်းစားလေးကို ရေလေးနဲ့ ဖျော်ပြီးထည့်၊ ပြီးရင် ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ကိုပါထည့်ပေးပါ။ ပြီးရင်တော့ ရေလေးထည့်ပြီး ဟင်းအိုးအဖုံးအုပ်ပြီး ပွက်ပွက်ဆူ အောင် တည်ပေးပါ။ ဟင်းအိုးဆူလာပြီဆိုရင်တော့ ရုံးပတီသီးတွေထည့်ပြီး ထပ်တည်ပေးပါ။ ဟင်းအိုးပွက်လာ ပြီဆိုရင်တော့ အပေါ့အငံမြည်းပြီး လိုအပ်တဲ့အရသာ ထပ်ဖြည့်ပေးပါနော်။ အဲ့ဒါဆိုရင်တော့ ချဉ်ပေါင်ဟင်း စပ်စပ်လေးတစ်ခွက်ရပါပြီနော်။

သူနဲ့တွဲဖက်စားသုံးဖို့ နောက်ဟင်းတစ်မျိုးကတော့ ငါးဖယ်ဆုပ်ကြော်ချက်ဟင်းလေးပါနော်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ငါးဖယ်ခြစ် (၂၅) ကျပ်သား၊ ကြက်သွန်ဖြူအမွှာ (၂၀) လောက်၊ ကြက်သွန်နီ ဥအကြီး (၇) လုံး၊ ချင်း၊ ငရုတ်သီးအပုပွတောင့်၊ ငံပြာရည်၊ ဆား၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်အနည်းငယ်နဲ့ ဆီတို့ပါနော်။
ကြက်သွန်ဖြူ ၁၀ မွှာလောက်ကို အခွံနွှာရေဆေးပြီး မညက်တညက်လေးထောင်းပေးပါ။ ပြီးရင် ငရုတ်ဆုံကို ဆီလေးနဲ့ ပွတ်လိုက်ပြီးတော့မှ ငါးဖယ်ခြစ်တွေထည့်၊ ဆားနဲ့ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး ထောင်းပါ။ ငါးဖယ်ခြစ်တွေ စေးပိုင်လာပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ အရွယ်အစားရအောင် ငါးဆုပ်လုံးဖြစ်ဖြစ် အပြားအ၀ိုင်းဖြစ်ဖြစ် လုပ်ပေးပါ။ (ငါးဖယ်ကိုင်တဲ့အခါ လက်မှာ ငါးတွေ ကပ်မနေအောင် ဇလုံတစ်လုံးထဲ ရေလေးထည့်ထား၊ ရေဆွတ်ပြီးမှ ကိုင်ပေးပါ။ ဒါမှမဟုတ်ရင်လည်း လက်မှာ ဆီဆွတ်ပြီးမှ ကိုင်လို့လည်း ရပါတယ်)။ ချဉ်ပေါင်ရွက်ဟင်းနဲ့ တွဲဖက်စားသုံးမယ့် ငါးဖယ်ဟင်းမို့ ငါးဖယ်ဟင်းမှာ အချဉ်ထည့်မချက်ဘဲ ကြက်သွန်အနှစ်များများနဲ့ ချက်ဖို့ စိတ်ကူးထားပါတယ်။ အဲ့ဒါကြောင့် ကြက်သွန်နီတွေကို အခွံနွှာ၊ ရေဆေးပြီး ခပ်ပါးပါးလေးတွေရအောင် လှီးပေးထားပါ။ ကြက်သွန်ဖြူနဲ့ ချင်းကိုလည်း အခွံနွှာပေးထားပါ။ ငရုတ်သီး အပုတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေစိမ်ပေးပါ။ ပြီးရင်တော့ ငရုတ်သီးနဲ့ ကြက်သွန်ဖြူချင်း ကို ထောင်းပေးထားပါ။

အားလုံးအသင့်ဖြစ်သွားတဲ့အခါ မီးဖိုပေါ် ဆီအိုးတင်၊ ဆီထည့်၊ ဆီပူလာရင် နနွင်းမှုန့်ခပ်ပြီး ငါးဖယ်တွေကို ထည့်ကြော်ပါ။ ငါးဖယ်တွေက ကြော်တဲ့အခါ ပွလာတာမို့ ကြော်တဲ့အခါ အိုးမကြပ်ပါစေနဲ့။ မီးအသင့်အတင့်နဲ့ ဟိုဘက်ဒီဘက်အကျက်ညီအောင် ကြော်ပေးပါ။ ငါးဖယ်ကြော်ရလာရင် ပန်းကန်ပြား ကြီးကြီးတစ်ချပ်ထဲ သီးသန့်ဆယ် ပေးထားပါ။ ပြီးရင်တော့ ငါးဖယ်ကြော်ထားတဲ့ ဆီနဲ့ပဲ တစ်လက်စတည်း ကြက်သွန်နီတွေကို ထည့်ပြီး ကြော်ပေးပါ။ ကြက်သွန်နီတွေ တော်တော်လေး နွမ်းပြီဆိုတော့မှ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်တွေကိုထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နေတဲ့အချိန်မှာ ငံပြာရည်လေးထည့်ပေးပါ။ ပြီးရင် ငါးဖယ်လေးတွေကို တစ်ခုချင်းထည့်ပြီး ငရုတ်သီးကြက်သွန်အနှစ်တွေနဲ့ သမအောင် အသာအယာမွှေပေးပါ။ ပြီးရင်တော့ ငရုတ်ဆုံဆေးရည်လေးထည့်၊ ဒယ်အိုးအဖုံးအုပ်ပြီး ပထမတစ်ရည်ခမ်းအောင် တည်ပေးပါ။ ပထမတစ်ရည်ခမ်းသွားပြီးတော့မှ နောက်ထပ် လက်ဘက်ရည်ပန်းကန်လုံးတစ်လုံးလောက် ရေထပ်ထည့်ပြီး တည်ပေးပါ။ ဆီပြန်ကြိုက်ရင် ဆီပြန်တဲ့အထိ တည်ပေးနိုင်ပြီး အရည်ဆမ်းစားချင်ရင်တော့ ဆီကျန်ရေကျန် အချိန်မှာ အပေါ့အငံမြည်းပြီး လိုတာဖြည့်ပြီး ဟင်းအိုးချပေးပါနော်။ အဲ့ဒါဆိုရင်တော့ ငါးဖယ်ဆုပ်ကြော်ချက် တစ်ခွက်ရပါပြီနော်။

ချဉ်ပေါင်ဟင်းနဲ့တွဲပြီး စားလို့ကောင်းအောင် နောက်ထပ်ဟင်းတစ်မယ်ထပ်ဖြည့်ပါမယ်နော်။ အဲ့ဒါကတော့ ငါးနှပ်ခြောက်ကို မီးဖုတ်တာပါ။

ငါးနှပ်ခြောက်တွေကို ခေါင်းနဲ့ အမြီးကို ဖြတ်ပြီးတော့မှ မီးမဖုတ်ခင်မှာ ငရုတ်ကျည်ပွေ့လေးနဲ့ နည်းနည်းပွသွားအောင် ထုပေးလိုက်ပါတယ်။ ပြီးတော့မှ ငါးနှပ်ခြောက်ကို မီးနွေးနွေးနဲ့ ဖြေးဖြေးချင်း မီးဖုတ်ယူပါ တယ်။ မီးဖုတ်လိုက် နည်းနည်းချင်းထုလိုက်နဲ့ အားလုံးအကျက်ညီအောင် ဖုတ်ပါတယ်။ ပြီးတော့မှ အသားမျှင်လေးတွေကို ပန်းကန်ထဲထည့်ပြီး ပဲဆီမွှေးမွှေးလေး ဆမ်းလိုက်ပါတယ်နော်။
အဲ့ဒါဆိုရင်တော့ ထမင်းပူပူလေးနဲ့ အသင့်စားသုံးနိုင်မယ့် ချဉ်ပေါင်းဟင်းအစပ်ချက်၊ ငါးဖယ်ဆုပ် ကြော်ချက်ဟင်းနဲ့ ငါးနှပ်ခြောက်ဖုတ်တို့ ရပါပြီနော်။ ဆောင်းတွင်းအေးအေးလေးမှာ ချက်ဖြစ်တဲ့ ဟင်းစပ်လေး ပါနော်။

3 comments:

  1. post title ဖတ်လိုက်တာနဲ့ ဗိုက်တွေတောင်ဆာလာပြီဗျာ :D

    ReplyDelete
  2. Oh..i like so much..thank you..:D

    ReplyDelete
  3. ကောင်းလိုက်တာ မမလုရယ်။
    ဟင်းအတွဲ အစပ်လေးကလဲ လိုက်ဖက်လိုက်တာ။
    ငါးဖယ်သွားဝယ်အုံးမယ်။ ချက်အုံးမယ် မမရေ။ ချိုသင်းက ငါးဖယ်ဆုပ် ကြော်ချက် သိပ်ကြိုက်ပဲ။

    ReplyDelete