Tuesday, October 7, 2008

ကြက်သားဆီပြန် (မွန်ချက်)

အားလုံးမင်္ဂလာပါရှင်။ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်မ အလုပ်ကိစ္စနဲ့ ခရီးသွားတာရယ်၊ ပြန်ရောက်ပြီးတော့လည်း အလုပ်များနေတာရယ်ကြောင့်မို့ ဟင်းအသစ်မချက်ဖြစ်ခဲ့ပါဘူးနော်။
ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေကို ကြက်သားဆီပြန် (မွန်ချက်)လေး ချက်ကျွေးပါရစေနော်။
ကြက်သားဆီပြန်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
မြန်မာကြက်တစ်ကောင်
ကြက်သွန်ဖြူ
ကြက်သွန်နီ
စပါးလင်
ချင်း
ငရုတ်သီးအပုပွတောင့်
ဆား
သကြား
ငါးပိစိမ်းစား (မကြိုက်ရင် မထည့်ပါနဲ့)
ဟင်းခတ်မှုန့်
နနွင်းမှုန့်
ဆီအနည်းငယ်တို့ပါနော်။



ကြက်သားကို သန့်စင်အောင် ဆေးကြောပြီး အတုံးကို ခပ်လတ်လတ် မကြီးမသေးလေးဖြစ်အောင် တုံးပါ။ ချင်းနဲ့ စပါးလင်ကို အခွံနွှာ၊ ရေဆေး၊ ပါးပါးလှီးပြီး ညက်နေအောင်ထောင်းပါ။ ဇလုံတစ်လုံးယူ ကြက်သားထည့်၊ နနွင်းမှုန့်၊ ဆား၊ သကြားနဲ့ ထောင်းထားတဲ့ ချင်းနဲ့ စပါးလင်တို့ကို ထည့်ပြီး နှံ့အောင် နယ်ပါ။
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကိုလည်း အခွံနွှာရေဆေးပြီး ဖယ်ပေးထားပါ။ ငရုတ်သီးအပွတောင့်ကို အညှာခြွေ၊ အစေ့ထုတ်ပြီး ရေနွေးပူပူနဲ့ လောင်းချပြီး ဆေးပစ်လိုက်ပြီးမှ နောက်တစ်ရေ အသစ်လဲပြီး ငရုတ်သီး ကို စိမ်ပေးပါ။ ပြီးရင် ငရုတ်ဆုံထဲကို ငရုတ်သီးတွေ ညက်အောင်ထောင်းပြီး ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထောင်းပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုတော့မှ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင် နနွင်းမှုန့်လေး ထည့်ပြီး ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်တို့ကို ဆီသတ်ပေးပါ။ မီးအပူချိန်ကို အသင့်အတင့်ပဲ ထားပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင် ငါးပိစိမ်းစားကို ရ်ေလေးနဲ့ဖျော်ထည့်၊ ဟင်းခတ်မှုန့်ထည့်ပြီး ထပ်မွှေပါ။ တစ်လက်စတည်း နယ်ထားတဲ့ ကြက်သားတွေကိုထည့်ပြီး ဆီသတ်နှစ်နဲ့ ကြက်သားတွေကို သမအောင် မွှေပြီး ကြက်သားထဲက ထွက်လာမယ့်ရေနဲ့ပဲ ဟင်းအိုးအဖုံးအုပ်တည်ပြီး ပထမတစ်ရည် ခမ်းပါစေ။
ဟင်းအိုးဖျစ်ဖျစ်မြည်လာပြီဆိုရင်တော့ ငရုတ်ဆုံဆေးရေလေး ထပ်ထည့်ပြီး တည်ပေးပါ။ ဆုံဆေးရေခမ်းပြီဆိုရင်တော့ ကြက်သားနူးအောင် အရသာတွေဝင်အောင် မီးခပ်နွေးနွေးနဲ့ အနည်းဆုံး ၁၀ မိနစ်လောက် တည်ပေးပါ။ ဟင်းအိုးအဖုံးကို ဖွင့်၊ အပေါ့အငံကိုမြည်းပြီး လိုတဲ့အရသာတွေ ထပ်ဖြည့်ပါ။ အဲ့ဒါဆိုရင်တော့ စပါးလင်နံ့သင်းသင်းလေးနဲ့ ကြက်သားဆီပြန်ဟင်းလေး ရပါပြီနော်။

2 comments:

  1. တီတီလုရေး...ကြက်သားဆီပြန်မွှေးမွှေးလေးမွန်ချက်
    စားသွားတယ်နော်...တော်တော်ကောင်းတယ်သိလား
    တီတီလက်ရာမစားရတာကြာလို့နဲ့တူတယ်(အမြဲတမ်းကောင်းပြီးသားပါ ဟဲဟဲ)
    နောက်နေ့တွေလဲချက်ကျွေးအုံးနော်ဂျ

    ReplyDelete
  2. မြန်မာကြက်တစ်ကောင် ဆိုပါလား ။ တခြားနိုင်ငံ က ကြက် နဲ.ကော ချက်လို.ရပါသလား မမလုလု

    ReplyDelete