Monday, April 28, 2008

ငါးသလောက်အချဉ်ပေါင်း


ဒီနေ့မှာတော့ ကျွန်မရဲ့ချစ်မောင်နှမတွေကို မော်လမြိုင်အစားအစာတစ်မျိုးဖြစ်တဲ့ ငါးသလောက်အချဉ် ပေါင်းလေး ချက်ကျွေးပါရစေဦးနော်။ ငါးသလောက်ကို ဆီပြန်ဟင်းပဲ ချက်ချက်၊ အရိုးနူးပဲပေါင်းပေါင်း အမျိုးမျိုးချက်ပြုတ်စားသောက်တတ်ကြသလို အခုတစ်ခါမှာလည်း ဟင်းရည်ရွှဲရွှဲလေးဆမ်းစားလို့လည်းရအောင်၊ အရည်သောက်လိုမျိုးလေးလည်း စားလို့ရအောင် ချက်ကျွေးပါရစေဦးနော်။
ငါးသလောက်အချဉ်ပေါင်းချက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးသလောက် (၅၀) သားခန့် အလေးချိန်ရှိတစ်ကောင်၊ မော်လမြိုင်ရှာလကာရည် လက်ဘက်ရည်ပန်းကန်လုံး ၁ လုံးခွဲ၊ ကြက်သွန်ဖြူ ဥတစ်လုံး ၁၀ ဥ၊ ကြက်သွန်နီဥကြီး ၅ လုံး၊ ချင်း လက်နှစ်ဆစ်၊ စပါးလင်ခပ်တုတ်တုတ် ၃ ပင်၊ ငရုတ်သီးအမှည့်တောင့် ၁၀ တောင့်မှ ၂၀ ခန့်၊ ဆား၊ သကြား၊ နနွင်းမှုန့်၊ အချိုမှုန့်တို့ပါပဲနော်။ ငါးသလောက် အကောင်လတ်ကို အကြေးထိုး၊ ဗိုက်ခွဲ၊ ကလီစာတွေထုတ်ပစ်၊ ခေါင်းကိုလည်း အချွဲတွေနဲ့ ပါးဟက်တွေ ထုတ်ပစ်ပြီး ရေနဲ့ သန့်စင်အောင် ဆေးကြောပါ။ ပြီးရင် ငါးကို အလျားလိုက်ထားပြီး လက်သုံးလုံးအရွယ်အကွင်းလိုက် လှီးပေးပါ။ လှီးပြီးသားငါးတွေကို သကြား၊ ဆား၊ အချိုမှုန့်၊ နနွင်းမှုန့်၊ ရှာလကာရည် တို့နဲ့ အရသာခပ်ပြင်းပြင်းနယ်ထားပြီး နာရီဝက် တစ်နာရီလောက် နှပ်ထားလိုက်ပါ။ (တချို့ကတော့ ငါးပိစိမ်းစားမွှေးမွှေးလေးကို နည်းနည်းထည့်တတ်ကြတယ်) ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို အခွံနွှာ၊ ရေဆေးပြီး ကြက်သွန်နီကို လေးစိတ်ထိုးပေးပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ပေးပါ။ ချင်းကို ပါးပါးလွှာလွှာလေးတွေဖြစ်အောင် လှီးပေးပါ။ စပါးလင်ကို အပေါ်တစ်လွှာဖယ်ပစ်ပြီးတော့ ရေနဲ့သေချာဆေး၊ ရေစင်အောင်ခါ၊ ပြီးတော့မှ ဓားပြားရိုက်ပြီး သုံးပိုင်းပိုင်းထားပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပေါင်းအိုးထဲကို အောက်ဆုံးကနေ စပါးလင်ထည့်၊ ပြီးတော့ ငါးတွေထည့်၊ အပေါ်ကနေ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ စတာတွေကိုထည့် ပြီးတော့ ရှာလကာရည်ထည့်၊ ပြီးတော့မှ အပေါ်ကနေ ငါးမြုပ်တဲ့အထိ ရေထည့်ပေးပြီး အိုးအဖုံးအုပ်၊ မီးဖိုပေါ်တင်ပြီး စတည်ပေးပါနော်။ ၁၅ မိနစ်လောက်တည်ပြီးရင် မီးဖိုမီးပိတ်ပြီး၊ ခဏအအေးခံပြီးတော့ အဖုံးဖွင့်၊ ငါးလေးတွေကို မကြေရအောင် အသာလေးအထက်အောက်လှန်ပြီးတော့ ရေခပ်များများလေးထည့်ပြီး တည်ပေးပါနော်။ အရိုးနူးအိနေတဲ့အထိ ကြိုက်ရင် အရိုးနူးတဲ့အထိ တည်ပေးနိုင်ပြီး၊ အရိုးလေးတွေ နူးတနူးခပ်မာမာလေးရချင်ရင်တော့ ဒီတစ်ခါ ၁၀ မိနစ်လောက် တည်ပြီးရင် ငရုတ်သီးတောင့်လေးတွေ ခပ်၊ အရသာကိုမြည်းပြီး လိုတဲ့အရသာဖြည့်၊ ကိုယ်ကြိုက်တဲ့အရသာရပြီဆိုရင်တော့ ဟင်းအိုးချလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင်တော့ ငါးသလောက် အချဉ်ပေါင်းလေး တစ်ခွက်ရပါပြီ။ အဲ့ဒီဟင်းကို ထမင်းနဲ့ အရည်ဆမ်းစားလို့ ရသလို ဟင်းရည်သောက်အနေနဲ့လည်း ချက်စားတတ်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက အဖွားက ငါးသလောက်ကို အဲ့ဒီလို အချဉ်ပေါင်းလေးချက်ပြီးရင် နံပြားလေးနဲ့တို့စားခိုင်းသေးတယ်။ အစတုန်းက ဘယ်လိုကြီးမှန်း မသိပေမယ့် နံပြားပူပူလေးနဲ့ အဲ့ဒီငါးသလောက်အသားချဉ်ဖြုံးအိအိလေးနဲ့ တွဲဝါးမိသွားတဲ့အခါ သိပ်အရသာ ရှိတာပဲ။ ငရုတ်သီးတောင့်လည်း ကိုက်မိရင်တော့ စပ်လိုက်တဲ့အမျိုး၊ နံပြားနောက်တစ်လုပ်ကို အလျင်အမြန် သွပ်သွင်းလိုက်မှ အစပ်ပြေသွားသလိုလိုပေါ့။့ 
ကျွန်မရဲ့ချစ်မောင်နှမတွေလည်း ငါးသလောက်နံ့မခံနိုင်ဘူး၊ ညှီတယ်လို့ ထင်ရင်၊ ဒါမှမဟုတ် ရာသီဥတု ပူပူမှာ ဆီပြန်ဟင်းတွေ မစားချင်ဘူးဆိုရင်တော့ တစ်ခါလောက် ငါးသလောက်ကို အချဉ်ပေါင်းလေး ချက်စားကြည့်ကြပါဦးလို့ 

0 comments:

Post a Comment