Saturday, December 29, 2007

ဝက်သားချဉ်လုပ်နည်း

ဂျေက ၀က်သားချဉ်စားချင်တယ်ဆိုလို့ ကျွန်မရဲ့ တက္ကသိုလ်တက်တုန်းက အခန်းဖေါ် ရှမ်းမလေး အိမ်မှာ တစ်လလောက် သွားနေတုန်းက သူငယ်ချင်းအမေ ၀က်သားချဉ်လုပ်နည်းလေးကို သတိရပြီး ဒီပို့စ်တင်ပေးလိုက်ပါတယ်နော်။
ဝက်သားချဉ်လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ၀က်သား (ကိုယ့်စိတ်ကြိုက် သုံးထပ်သားဖြစ်စေ၊ အသားသပ်သပ်ဖြစ်စေ၊ အဆီ အသား အခေါက်ရောဖြစ်စေ)၊ ထမင်း၊ ဆား၊ သကြား၊ အချိုမှုန့် အနည်းငယ်တို့ပါနော်။



ဝက်သားကီလိုဝက်ကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် စစ်ထားပေးပါ။ ပြီးမှ အနေတော်အတုံးလေးတွေဖြစ်အောင် လှီးပြီး ဆား၊ သကြား၊ အချိုမှုန့်နဲ့ သေသေချာချာ နာနာလေး နယ်ပေးပါ။ ပြီးရင်တော့ ခပ်မာမာချက်ထားတဲ့ ထမင်း (ရှမ်းမှာ ဆန်နီဆိုတာ ရှိပါတယ်။ အဲ့ဒီဆန်နီကိုချက်ထားတဲ့ ထမင်းနဲ့ဆိုရင် ပိုပြီး အရောင်လှစေပါတယ်) ကို လူကြီးလက်သီးဆုပ် နှစ်ဆုပ်လောက်ယူပြီး ကြေအောင် နာနာချေပေးပါ။ ပြီးတော့မှ ချေထားတဲ့ ထမင်းနဲ့ ၀က်သားကို ရောပြီးနယ်ပေးပါ။ အဲ့ဒီအချိန်မှာ ဆားနည်းနည်းထပ်ထည့်ပေးပါနော်။ ပြီးတော့မှ ထမင်းနဲ့ဝက်သားကို အင်ဖက်ထဲကို ထည့်ပြီး တင်းတင်းကြပ်ကြပ်လေးဖြစ်အောင် ထုပ်ပြီး ကြိုးချည်ထားပေးပါ။ ပြီးတော့မှ အဲ့ဒီဝက်သားထုပ်ကို အပေါ်ကနေ ပိတ်စိမ်းပါးလေးနဲ့ တစ်ထပ်ထပ်ပတ်ထားပြီး စဥ့်အင်တုံထဲ ဒါမှမဟုတ် ပလတ်စတစ်ဇလုံထဲထည့်ပြီး အပေါ်ကနေ အလေးတုံးများနဲ့ ဖိထားပေးပါနော်။ (ဒန်အိုး၊ ဒန်ဇလုံ၊ သတ္တုအိုးများမသုံးရပါ)။ ရာသီဥတုနွေးရင် အချဉ်မြန်ပြီး ရာသီဥတုအေးလျှင် အနည်းဆုံးတစ်ပတ်လောက်ထားပေးမှ ချဉ်ပါမယ်နော်။ ရက်ကြာကြာထားရင် အချဉ်ပိုစူးတတ်ပါတယ်။
ချဉ်တဲ့အခါကျရင်တော့ ၀က်သားချဉ်ကို အတုံးလေးတွေဖြစ်အောင်လှီးပြီး ကြက်သွန်ဖြူကြော်လေးကို ဆီလေးနဲ့ ဆမ်းပြီး ဂျူးမြစ်၊ ငရုတ်သီးခြောက်တောင့်ကြော်တို့နဲ့ တွဲပြီး စားသုံးကြသလို ဟင်းလည်း ချက်စားကြပါတယ်။ ဟင်းချက်စားတဲ့အခါကျရင် တချို့က ထမင်းလုံးတွေကို ဖယ်ပြီး ချက်တတ်သလို ဟင်းအနှစ်ရလိုသူတွေကတော့ ထမင်းလုံးကြေတွေကိုပါ ထည့်ချက်တတ်ပါတယ်။ ကျွန်မကတော့ ဒီအတိုင်းလေး ကြက်သွန်ဖြူကြော်လေးနဲ့ ဂျူးမြစ်၊ ငရုတ်သီးခြောက်ကြော်နဲ့ စားရတာကို ပိုနှစ်သက်ပါတယ်။ ကောက်ညှင်းလက်ဘက်ခြောက်မွှေးမွှေးလေး ခပ်ထားတဲ့ ရေနွေးကြမ်းပူပူလေးနဲ့ဆိုရင်တော့ သိပ်လိုက်တာပေါ့ရှင်။ စမ်းသပ်ကြည့်ကြပါဦးနော်။

9 comments:

  1. လုလုရေ ဂလုဂလုဖြစ်နေတယ် ဘာ့ကြောင့်လဲဆိုတော့ more ဆိုတာနှိပ်လိုက်တိုင်း စာသားအရှည်မပေါ်ဘဲ gmail logon page ဖြစ်နေလို့  ရင်ထဲမှာ ဂလုဂလုဖြစ်နေ ဒယ် ဒယ် ဒယ်

    ReplyDelete
  2. ပြန်ပြင်လိုက်ပါပြီနော်။
    မမလုရဲ့ အင်တာနက် ကွန်နက်ရှင်က သိပ်မကောင်းလို့ပါ။

    ReplyDelete
  3. မလုလုရေ... ၀က်သားချဉ်ကို ချက်မစားဘဲ ဒီတိုင်း အစိမ်းစားတာပေါ့နော်... အဲလို စားလို့ရမှန်း မသိဘူး... အမြဲတန်း ချက်စားတာပဲ။။။ ၀က်သားချဉ်၊ အမဲသားချဉ် ချက်တွေကို အရမ်းကြိုက်တယ်။။။ ဒီတခ်တော့ မချက်ဘဲ အမ ပြောသလို စားကြည့်ဦးမှပဲ...

    ReplyDelete
  4. ၀က်သားချဉ်ကို ပေါင်းပြီးတော့လည်း စားတတ်ကြသေးတယ်။ စားလို့ကောင်းတယ်သိလား။ လုပ်စားကြည့်ဦးနော်။ ၀က်သားချဉ်ကို လှီးပြီးတော့မှ ရေနွေှးွေုံနဲ့ ပေါင်းတာလေ။ စားကြည့်နော်။

    ReplyDelete
  5. မလုရေ...ဘယ်ပျောက်နေလဲ..ဒီနေ့လေ မလုနည်းအတိုင်း ဆန်နီနဲ့ ၀က်သားချဉ်လုပ်ထားတယ်...ဖြစ်မဖြစ် မသိဘူး... အကြောင်းကြားမယ်နော် ဖြစ်ရင်...

    ReplyDelete
  6. Ma Ma LU,
    အင်ဖက် de mhar wel lo ma ya yin bar net tone lo ya par ta lae? Ma Ma Lu.

    ReplyDelete
  7. ဒီနေ့  လုလု ရဲ့ နည်းအတိုင်း ဝက်သားချဉ်တည်ထားလေရဲ့ ၊၊ နောက် ၅ ရက်လောက်နေရင် စားလို့  ရလောက်ရောပေါ့၊၊ အားပေးကြပါအုံး၊၊

    ReplyDelete
  8. ma ma lu yay,,,
    kyay zuuuu ka bar............. will try in this weekends.............U make me ,competent to cook ............

    ReplyDelete