Wednesday, November 7, 2007

အုန်းစိမ်းကျောက်ကျော


ကျွန်မဘလော့ဂ်မှာ ပို့အသစ်မတင်ပေးနိုင်တောင် အလည်လာပေးနေကြတဲ့ ချစ်မောင်နှမတွေအတွက် အုန်းစိမ်းကျောက်ကျောကျိုနည်းလေးကို ပြောပါရစေနော်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကျောက်ကျောအမှုန့်တစ်ထုပ် (တယ်လီဖုန်းတံဆိပ်ကို သုံးထားတာပါနော်၊) အုန်းသီးစိမ်း (ဇွန်းခြစ်) လေးလုံး၊ သကြား (၃၅) ကျပ်သား တို့ပါနော်။ ကျောက်ကျောမကျိုခင်မှာ ကျောက်ကျောအမှုန့်နဲ့ သကြားကို ရောသမပေးထားပါနော်။ အုန်းသီးစိမ်းကို အခွံနွှာပြီး အုန်းရည် (၃ လီတာ) ကို အိုးတစ်လုံးထဲမှာ သီးသန့်ထည့်ထားပေးပါနော်။ အုန်းသီးအနုလေးတွေကိုတော့ ခပ်ဖွဖွလေးတွေခြစ်ပြီး သီးသန့်ဖယ်ထားပေးပါနော်။

အားလုံးအသင့်ပြင်ထားပြီးပြီဆိုရင်တော့ အိုးတစ်လုံးသန့်သန့်ထဲကို အုန်းရည်ထည့်ပြီး မီးဖိုပေါ်တင်ပါ။ အုန်းရည်တွေ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ခုနက ရောထားတဲ့ ကျောက်ကျောမှုန့်နဲ့ သကြားကို ထည့်ပြီး ကျိုပေးပါနော်။ ၁၀ မိနစ်လောက်မှာတော့ ခြစ်ထားတဲ့ အုန်းသီးနုလေးတွေထည့်ပြီး မွှေပေးပါနော်။ နောက်ထပ် ၅ မိနစ်လောက်ကြာရင်တော့ ကျောက်ကျောအရည်က ခပ်ပျစ်ပျစ်လေးဖြစ်လာပါပြီနော်။ ခဲမခဲ သိရအောင် ပန်းကန်ပြားလေးထဲကို ကျောက်ကျောရည်ကို အစက်လေးချကြည့်ပါ၊ ခဏလေးနေလို့ ခဲသွားပြီဆိုရင်တော့ ဗန်းထဲ ဒါမှမဟုတ် ကိုယ်ထည့်မယ့် ဗူးလေးတွေထဲကို ကျောက်ကျောကို ထည့်ပြီး အအေးခံပေးပါ။ အေးသွားပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံလေးတွေ လှီးပြီး ပန်းကန်ပြားလေးထဲ ထည့်ပြီး သုံးဆောင်နိုင်ပါပြီနော်။ အုန်းစိမ်းနဲ့ ကျိုတဲ့အတွက် အုန်းနို့လို သွေးမတက်သလို အုန်းစိမ်းရည်အနံ့လေးက သင်းသင်းလေးဖြစ်နေတာရယ်၊ အုန်းသီးနုနုလေးတွေက ထန်းသီးဆံလေးကို စားရသလိုမျိုးမို့ အရသာတစ်မျိုးထူးတာမို့ အချိန်ရခဲ့ရင်၊ လိုအပ်တာလေးတွေလည်း ၀ယ်ရခြမ်းရ အဆင်ပြေမယ်ဆိုရင်တော့ အုန်းစိမ်းကျောက်ကျောလေး ကျိုစားကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်နော်။

6 comments:

  1. တခါမှ မစားဘူးဘူး အသစ်အဆန်းရှယ်ပေးလို့ ကျေးဇူး တင်ပါတယ်

    ReplyDelete
  2. လုလုရေ ဒါလေးကိုအရမ်းကြိုက်တယ် ဆိုင်တွေမှာဆိုရင် ကြာကြာခံအောင် ဓာတုပစ္စည်းတွေထဲ့မှာကြောက်လို့လေ
    ကျေးဇူးတင်လိုက်တာနော် ကိုယ်တိုင်လုပ်ဖြစ်တော့ ဆွမ်းခံကိုယ်တော်တွေကို ဘောဇဉ်လောင်းလို့ရတာပေါ့
    အထူးကျေးဇူး

    ReplyDelete
  3. ကျေးဇူးအများကြိးတင်ပါတယ်...

    ReplyDelete
  4. ကျောက်ကျောအမှုန့် နဲ့ရေ ချိန်နည်းလေးပြောပြပါလား မမလု.

    ReplyDelete
    Replies
    1. ညီမလေး suyi nandar
      အမ ဒီကျောက်ကျောလုပ်တုန်းက သုံးထားတဲ့ ကျောက်ကျောတံဆိပ်က တယ်လီဖုန်းတံဆိပ်ပါ။ အထုပ်ကြီးပါ။ ဒီကျောက်ကျောက အုန်းစိမ်းရည်နဲ့ လုပ်တာမို့ ရေကို အသုံးမပြုတော့ဘဲ အုန်းစိမ်းရည်ကို (၃) လီတာထည့်ပြီး အသုံးပြုထားတာပါ။
      တကယ်လို့ ညီမလေးက လူရိုင်းခေါင်းတံဆိပ် အာဂါးအာဂါး ကျောက်ကျော (အပြာထုပ်) ကို အသုံးပြုမယ်ဆိုရင်တော့ ရေ တစ်လီတာခွဲကို ထည့်ပြီး အသုံးပြုရပါမယ်နော်။

      Delete