Sunday, September 16, 2007

ဆိတ်သားဟင်း


ဆိတ်သားပဲဖြစ်ဖြစ် သိုးသားပဲဖြစ်ဖြစ် ညှီတဲ့အတွက် တချို့မစားကြပါဘူး။ ဒီဘက်အရပ်တွေမှာက ဆိတ်သားဝယ်ရခက်ပါတယ်။ သိုးသားတွေကိုပဲ ဆိတ်သားအမှတ်နဲ့ ၀ယ်ပြီးချက်စားရပါတယ်။ တကယ်တမ်း မညှီအောင်ချက်ရင်ဖြင့် အရမ်းကို စားလို့ကောင်းပါတယ်။ အရသာလည်း လေးလေးပင်ပင်ရှိပါတယ်။

ဆိတ်သားကို ကိုယ်လိုချင်တဲ့ အရွယ်လေးတွေဖြစ်အောင် တုံး၊ ပြီးရင် သံပုရာရည် ဒါမှမဟုတ် ရှောက်ရည်၊ ရှလကာရည်ဆမ်းပြီးတော့ သေချာနယ်ပြီး အနည်းဆုံး ၁၅ မိနစ်လောက် ပစ်ထားလိုက်ပါနော်။ အဲ့ဒီလို အချဉ်နဲ့ နယ်ထားလိုက်တဲ့အတွက် အညှီနံ့ သက်သာသွားသလို၊ ဟင်းချက်တဲ့အခါ အသားလည်း နူးမြန်ပါတယ်။ ပြီးတော့မှ အဲ့ဒီဆိတ်သားကို ရေသေသေချာချာပြန်ဆေးပြီး ဂျင်းအရည်၊ ဆား၊ သကြား၊ အချိုမှုန့်၊ မာဆလာအမွှေးအစပ် တို့နဲ့ ကောင်းကောင်းမွန်မွန်နယ်ပြီး နှပ်ထားလိုက်ပါနော်။ ကြက်သွန်ဖြူ၊နီ၊ ဂျင်းတို့ကို အခွံနွှာ ရေဆေးပြီး ပါးပါးလေးတွေဖြစ်အောင် လှီးထားပါ။ ငရုတ်သီးအရောင်မှုန့်နဲ့ တူတူ တွဲပြီး ထောင်းထားပေးပါနော်။
အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုတာနဲ့ နနွင်းမှုန့်လေးခပ်ထည့်၊ ပြီးတော့ ထောင်းတားတဲ့ ငရုတ်သီးကြက်သွန်တွေကို ထည့်ပြီး ဆီသတ်ပါ။ ကရဝေးရွက်ရှိရင်လည်း ဆီသတ်တဲ့အထဲ ထည့်ပေးပါနော်။ ဆီသတ်နံ့လေး မွှေးလာပြီဆိုရင်တော့ ဆိတ်သားတွေကို ထည့်ပြီး သေချာမွှေပြီး ဆီသတ်ပေးပါ။ ဆိတ်သားထဲက ထွက်လာမယ့်ရေနဲ့ တစ်ရေခန်းအောင် တည်ပေးပါနော်။ အဲ့ဒီတစ်ရေခန်းပြီဆိုရင်တော့ ဆိတ်သားမြုပ်ရုံလေးဖြစ်အောင် ရေထည့်ပြီး မီးဖိုပေါ်က မီးကို လျော့ပြီး အချိန်ကြာကြာနဲ့ ကောင်းကောင်းမွန်မွန် နူးနပ်လာတဲ့အထိ ဖြစ်လာအောင် တည်ပေးပါ။ ဟင်းအိုး အောက်ခြေ မကပ်ရအောင်လည်း သတိထားပြီး မွှေပေးပါနော်။ ဟင်းအိုး ဖျစ်ဖျစ်မြည်လာပြီဆိုရင်တော့ ဆီပြန်လာစ ပြုလာပါပြီ။ အဲ့ဒီအချိန်မှာ အဖုံးဖွင့် မွှေပေးပြီး အရသာ အပေါ့အငံကိုမြည်း၊ ဆိတ်သားအနူးအနပ်ကိုမြည်းပါ။ အရသာလည်းသင့်ပြီး ဆိတ်သားလည်းနူးပြီဆိုရင်တော့ တကယ့်ကို အနံ့အရသာနဲ့ပြည့်စုံလှတဲ့ ဆိတ်သားဟင်းတစ်ခွက် ရပါပြီ။ နံပြား၊ ပေါင်မုန့်တို့နဲ့ တွဲဖက်စားနိုင်သလို ဒံပေါက်ထမင်း၊ အုန်းထမင်းတို့နဲ့လည်း တွဲဖက်စားနိုင်ပါတယ်နော်။

2 comments:

  1. လုလုရေ ရုံးမှာလာရှာသေးတယ်။ တော်လွန်းလို့ ဂုဏ်ယူစရာမို့ တွေ့ခြင်းလွန်းလို့ပါ။ စနေ တနင်္ဂနွေဆွမ်းလောင်းရင် ဟင်းမထပ်ဖူးပေါ့နော်။ ကျေးဇူးအရမ်းတင်တယ်။ ပပနဲ့တော့ ဦးစိုးတို့အခန်းမှာ ပြောဖြစ်ကြသေးတယ်။ ပပကိုလုလုနဲ့လွဲနေတာ။ ကျေးဇူးဘဲနော် ဆိတ်သားနဲ့ ၀က်သားကင်အတွက်။ ရှမ်းပြည်က ၀က်သားချဉ်လုပ်တာလေး သိရင်မျှပါဥိးလို့
    ရေဆင်းက စိုက်ဘွဲ့ရ ဟင်းချက်ဝါသနာပါသူ

    ReplyDelete