မောင်နှမများအားလုံးမင်္ဂလာပါရှင်။ ကျွန်မရဲ့ မောင်နှမများကို ဒီနေ့မှာတော့ ကြာဇံသုပ်လေး သုပ်ကျွေးပါမယ်နော်။ ကြာဇံလို့ပြောတဲ့အခါ ဆန်ကြာဇံနဲ့ ပဲကြာဇံကို မကွဲမပြား ဖြစ်လေ့ရှိပါတယ်။
ဆန်ကြာဇံကတော့ အခြောက်အတိုင်းရှိတဲ့အခါမှာ အရောင်ကအဖြူရောင်အမျှင်လေးတွေ ဖြစ်နေပြီး ပဲကြာဇံက တော့ အကြည်ရောင်လေးပါနော်။ ဆန်ကြာဇံကိုတော့ အများအားဖြင့် ကြော်စားတဲ့အခါမှာ အသုံးပြုကြပါတယ်။ ၀က်သားဒုတ်ထိုး၊ ၀က်သားလိပ်အရောင်းဆိုင်တွေမှာ ကြာဇံကြော်နဲ့ တွဲဖက်ရောင်းလေ့ရှိတတ်ပါတယ်။ ပဲကြာဇံ ကိုတော့ ကြာဇံချက် ချက်တဲ့အခါမှာ အသုံးများပါတယ်။ ရံဖန်ရံခါ အစုံသုပ်သုပ်တဲ့အခါမှာ ထည့်သုံးကြသလို ခ၀ဲသီးနဲ့ ကြာဇံဟင်းချက်တဲ့အခါတို့၊ ပဲနီလေးကြာဇံဟင်းရည်သောက်ချက်တဲ့အခါတို့မှာ အသုံးပြုတတ်ကြတာ ကတော့ ပဲကြာဇံကို သုံးကြပါတယ်။ ဒီနေ့ ကြာဇံသုပ်မှာ သုံးမယ့် ကြာဇံကတော့ ဆန်ကြာဇံပါနော်။
ကျွန်မက ဟင်းတွေထက် အသုပ်သုပ်စားရတာကို ပိုကြိုက်ပါတယ်။ အဲ့ဒါကတော့ ကျွန်မတို့ မိသားစု အကြိုက်ညီတဲ့အချက်ပါပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် အသုပ်သုပ်စားနိုင်ဖို့ ဆီချက်တစ်ပုလင်း ချက်ထားတာ အသင့် ရှိပါတယ်။ တစ်ညက ရုံးက အိမ်အပြန်မိုးချုပ်တော့ ထမင်းဟင်းကို မစားချင်တော့ဘူးဖြစ်နေလို့ မောင်နှမတွေ စုပြီး ကြာဇံသုပ်သုပ်စားခဲ့တာလေးကို ပြန်မျှဝေလိုက်ရပါတယ်နော်။
ကြာဇံသုပ် သုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့
ဆန်ကြာဇံ
အာလူး
ဂေါ်ဖီထုပ်
ဆီချက်
ငံပြာရည်
ပုစွန်ခြောက်မှုန့်
ပဲမှုန့်အကျက်
ငရုတ်သီးအကျက်မှုန့်
မန်ကျည်းသီးမှည့်အနှစ်
အချိုမှုန့်အနည်းငယ်တို့ပါနော်။
more...
မီးဖိုပေါ် အိုးတစ်လုံးတင်၊ အိုးထဲ ရေတစ်ဝက်လောက်ထည့်ပြီး ရေနွေးဆူအောင် တည်ပေးထားပါ။ အဲ့ဒီအချိန်မှာ ကြာဇံအခြောက်လေးတွေကို ရေအေးထဲ စိမ်ပေးထားပါ။ ကြာဇံဖတ်လေးတွေက ရေအေးထဲမှာ ပွလာတဲ့အခါ ဆယ်ယူပြီး စကာလေးထဲ ရေစစ်ပေးထားပါ။ ရေနွေးပွက်ပွက်ဆူလာပြီဆိုရင် ကြာဇံဖတ်လေးတွေ ထည့်ပြီး အိုးအဖုံးခဏအုပ်ပြီး တည်ပေးပါ။ (အသုပ်ဆိုင်တွေမှာလို ကြာဇံဖတ် ၀ါဝါလေး ရချင်ရင်တော့ ကြာဇံ မထည့်ခင် ရေနွေးအိုးထဲကို နနွင်းမှုန့်နည်းနည်းခပ်ပြီး မွှေပေးပြီး ကြာဇံထည့်ပြုတ်ပါနော်) ပွက်ပွက်ဆူလာတာနဲ့ တပြိုင်နက် ကြာဇံပြုတ်အိုးကို ဇကာထဲ သွန်ချ၊ ရေအေးနဲ့ လောင်းဆေးပြီး ရေစစ်ပေးထားပါ။
အာလူးကိုတော့ မြန်မြန်နူးချင်တော့ အာလူးအလုံးလိုက်ကို ရေဆေး၊ wrapping နဲ့ အုပ်၊ မိုက္ကရိုဝေ့ဖ်ထဲ ထည့် ၃ မိနစ်ပေးလိုက်တယ်။ ၃ မိနစ်ပြည့်သွားတဲ့အခါကျတော့ အာလူးတွေကို နောက်တစ်ဖက်လှည့်ပြီး နောက်ထပ် ၂ မိနစ်ပေးလိုက်တယ်။ (ငပျင်းနည်းနဲ့ အာလူးဖုတ်လိုက်တာ :P)။ ပြီးတော့မှ wrapping plastic ကို ခွာ၊ အာလူးအခွံနွှာပြီးတော့ ဓားနဲ့ လှီးပေးပါ။
ဂေါ်ဖီထုပ်ကိုလည်း အဖတ်လိုက်ခွာ၊ ရေထဲမှာ ၁၅ မိနစ်လောက် စိမ်ပြီး ဆေး၊ ပြီးတော့ ပါးပါးလေးရအောင် လှီးပြီး တစ်ပုံပုံထားပေးပါ။ ပုစွန်ခြောက်ကို မညက်တညက်လေးရအောင် ထောင်းပေးထားပါ။ မန်ကျည်းသီးမှည့်ကို ရေနဲ့အရင် ဆေးလိုက်ပါ။ ပြီးတော့မှ ရေနွေးပွက်ပွက်ဆူလေးနဲ့လောင်းထည့်၊ နယ်ပြီး အနှစ်ရအောင် လုပ်ထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင် ဇလုံတစ်လုံးထဲကို ကြာဇံထည့်၊ အာလူးထည့်၊ ဂေါ်ဖီထုပ်ထည့်၊ ငံပြာရည် ထည့်၊ ဆီချက် ထည့်၊ ပုစွန်ခြောက်မှုန့်ထည့်၊ မန်ကျည်းသီးနှစ်ထည့်၊ ပဲမှုန့်အကျက်မှုန့်ထည့်၊ အချိုမှုန့်လေး ထည့်ပြီး အားလုံး သမအောင် နယ်ပေးပါ။ ပြီးရင် အပေါ့အငံအရသာကို မြည်းပြီး ကိုယ်နှစ်သက်မယ့် အရသာကို ပိုကဲထည့်ပေးပါ။ အားလုံးစိတ်ကြိုက်ဖြစ်ပြီဆိုရင် ကြာဇံသုပ်တွေကို ပန်းကန်ပြားလေးထဲ တစ်ယောက်စာထည့်၊ အပေါ်ကနေ ကြက်သွန်ကြော်လေးဖြူး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းလေးကိုက်ပြီး ငရုတ်ကောင်း ဟင်းခါးလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီရှင်။
ကျွန်မ ဘာချက်ချက် မငြီးငွေ့စတမ်းအားပေးတာကတော့ ကျွန်မတူမလေးတွေပါပဲ။ သူတို့ကတော့ ထုံးစံအတိုင်း အနည်းဆုံး နှစ်ပွဲစားရမှ ကျေနပ်တဲ့သူဆိုတော့ ချက်ကျွေးရတဲ့ အဒေါ်လည်း ကျေနပ်ရတာပေါ့နော်။ ကျွန်မဘလော့ဂ်ကို အလည်လာကြတဲ့ မောင်နှမတွေလည်း လိုတာရှိရင် ပြောပါနော်။
ကြာဇံဖတ်က နည်းနည်းတုတ်ပြီး မုန့်ဟင်းခါးဖတ်နဲ့ ခပ်ဆင်ဆင်တူတယ်။ ကြာဇံသုပ်လည်း ကြိုက်တယ်ဗျ။
ReplyDeleteအမလည်း ကြာဇံသုပ်သိပ်ကြိုက်.. ကြာဇံဟင်းခါး မကြိုက်။
ReplyDelete