Sunday, September 23, 2007

ချိုချဉ်ကြော်




တရုတ်နှစ်သစ်ကူးတဲ့အချိန်တိုင်း အိမ်မှာ ကြက်/၀က်ချိုချဉ်ကြော်တစ်မျိုးမျိုး ကြော်ပါတယ်။ ချိုချဉ်ကြော်ဆိုတဲ့အတိုင်းပဲ အရသာက ချိုချိုချဉ်ချဉ်လေး၊ ကော်ရည်လေးနဲ့ဆိုတော့ ချွဲချွဲလေးဆိုတော့ အရမ်းကြိုက်တယ်။ ဟင်းသီးဟင်းရွက်တွေလည်း မျိုးစုံပါတဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လေ။ ဒီနေ့ မောင်နှမတွေကို ၀က်သားချိုချဉ်ကြော် ကြော်တဲ့နည်းလေးကို လက်ဆင့်ကမ်းပါရစေဦးနော်။

လိုအပ်တာတွေကတော့ ၀က်သားအလွှာတွေရယ်၊ ကိုယ်နှစ်သက်တဲ့ ဟင်းသီးဟင်းရွက်အစုံ ဂေါ်ဖီ၊ မုန်ညင်း၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ဘရိုကိုလီ၊ ချင်း၊ ကြက်သွန်ဖြူ၊ ကော်မှုန့်၊ ပဲငံပြာရည်အပျစ်၊ ဟင်းချက်အရက်အနည်းငယ်၊ ရှာလကာရည်၊ ငရုတ်သီးစိမ်း၊ ဆား၊ သကြားတို့ပါ။
ဝက်သားအလွှာလေးတွေကို ဆား၊ သကြားနဲ့ နယ်ပြီး နှပ်ထားပေးပါ။ ဟင်းသီးဟင်းရွက်တွေကို အရွယ်တော်အနေလေးတွေဖြစ်အောင်လှီးပြီး ရေဆေးပါ။ ပြီးရင်တော့ စကာထဲ ထည့်ပြီး ရေစစ်ထားပါ။ ချင်းကို အ၀ိုင်းလေးတွေဖြစ်အောင်လှီးထားပါ။ ကြက်သွန်ဖြူ ဓါးပြားရိုက်ပါ။ ကြက်သွန်နီကို ဘလော့ခ်တုံးလေးတွေဖြစ်အောင် လှီးထားပါ။ ကော်မှုန့်ကို ရေလေးထည့်ပြီး ဖျော်ထားနော်။ ပဲငံပြာရည်အပျစ်ရယ်၊ ဟင်းချက်အရက်ရယ်၊ ရှာလကာရည်ကို ရောပြီး ဖျော်ထားပါ။
အားလုံးအသင့်ဖြစ်ရင် မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီထည့်၊ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူဓါးပြားရိုက်ကိုထည့်ပြီး မွှေ၊ ကြက်သွန်ဖြူက ရွှေအိုရောင်လေးတွေပြောင်းလာပြီဆိုရင် လှီးထားတဲ့ချင်းကိုထည့်ပြီး ဆက်မွှေ၊ မွှေးလာပြီဆိုရင် ၀က်သားကိုထည့်ပြီး ကြော်ပေးပါ။ ၀က်သားကျက်လောက်ပြီဆိုရင်တော့ မုန်လာဥနီကို အရင်ထည့်၊ ပြီးတော့မှ ဂေါ်ဖီထုပ်ထည့်ပြီးမွှေ၊ ဆား၊ သကြားလေးထည့်ပေးပြီး သေချာမွှေပေးဦးနော်။ ပြီးတော့မှ မုန်ညင်းနဲ့ ဘရိုကိုလီကိုထည့်ပြီး မွှေ။ အရွက်တွေ တအားမနူးခင်မှာ ဖျော်ထားတဲ့ ပဲငံပြာရည်နဲ့ ဟင်းချက်အရက်၊ ရှာလကာရည် အရောကိုထည့်ပြီးမွှေပေး၊ ဆက်တိုက်ဆိုသလိုပဲ ကော်ရည်ကိုလည်း ကမန်းကတန်းထည့်ပြီးတော့ အသီးအရွက်တွေ အကုန်အထက်အောက် နှံ့အောင် ကြော်ပေးပါနော်။ ပြီးတော့မှ ငရုတ်သီးစိမ်းလေး ကမန်းကတန်းအုပ်လိုက်ပြီး နှံ့အောင်မွှေပေးလိုက်ရုံပဲ။ အပေါ့အငံကိုတော့ ကိုယ်ကြိုက်လောက်တဲ့ အနေလောက် ထားပြီး မီးပိတ်လိုက်ရုံပဲနော်။ အဲ့ဒါဆိုရင်တော့ ချိုချဉ်စပ်ချွဲရသာစုံ ၀က်သားချိုချဉ်ကြော်လေးရပါပြီနော်။

0 comments:

Post a Comment