Saturday, January 26, 2008

မုန့်စိမ်းပေါင်းလုပ်စားရအောင်


ကျွန်မမောင်နှမတွေနဲ့ ဒီပိတ်ရက်မှာ အလွန်အင်မတန်လက်ဝင်တဲ့ မုန့်စိမ်းပေါင်းကို လုပ်စားကြရအောင်နော်။ ကျွန်မကိုယ်တိုင်လည်း မုန့်ပဲသရေစာထဲမှာ မြန်မာမုန့်တွေကို အနောက်တိုင်းမုန့်တွေထက် ပိုပြီး နှစ်သက်ပါတယ်။ မြန်မာမုန့်တွေက အဓိကအားဖြင့် ဆန်ကိုအခြေခံပြီးလုပ်တာမို့ ဂျုံနဲ့လုပ်တဲ့မုန့်ထက် ပိုပြီးတော့ နှစ်သက်ပါတယ်။
မုန့်စိမ်းပေါင်းလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆန်၊ ပဲလွန်း၊ ထန်းလျက်၊ အုန်းသီး၊ ဆား၊ နှမ်းတို့ပါနော်။
ဆန်ကြမ်း နို့ဆီဗူး (၂)လုံးကို၊ ထန်းလျက် (၂၀) ကျပ်သား၊ ပဲလွန်း နို့ဆီဗူးတစ်ဝက်နဲ့ အုန်းသီးတစ်လုံးတို့ လိုအပ်ပါတယ်နော်။

ဆန်ကို သန့်စင်အောင် ပိတ်စနဲ့ ပွတ်တိုက်ပေးပြီး ဆန်မှုန့်ရအောင့် ကြိတ်ပါ။ အုန်းသီးကိုခြစ်ပြီး အုန်းနို့ညှစ်ထားပေးပါ။ အိုးတစ်လုံးကို ထန်းလျက်ထည့်၊ ရေလေးထည့်ပြီး ကျိုပေးပါ။ ထန်းလျက်ပျော်သွားတဲ့အခါ အမှိုက်သရိုက်နဲ့ သဲတွေမပါရအောင် စကာနဲ့ ထန်းလျက်ရည်ကို စစ်ပေးပါ။ ပြီးတော့မှ ထန်းလျက်ကို ညောင်စေးမကျတကျဖြစ်အောင် ကျိုပေးပါနော်။ ပဲလွန်းကိုလည်း ရေစင်အောင်ဆေးပြီး ရေခမ်းပြုတ်ထားပေးပါနော်။
မုန့်စိမ်းပေါင်းကို သုံးထပ်လုပ်မှာမို့ ဆန်မှုန့်နည်းနည်းကို ဆားလေးနည်းနည်းထည့်၊ ပြီးတော့ အုန်းနို့ပျစ်ပျစ်နဲ့ သမအောင် နယ်ပေးပါနော်။ နောက်ထပ်ဆန်မှုန့်နည်းနည်းကိုတော့ ပြုတ်ထားပြီးသား ပဲလွန်းနဲ့ နှံ့အောင် နယ်ပေးပေါနော်။ (တချို့က ပဲကို အလုံးမပျက်စားချင်ကြတာမို့ ဒီအဆင့်မှာ ပဲလွန်းကို ထည့်မနယ်ကြဘူး။) ကျန်တဲ့ဆန်မှုန့်တွေကိုတော့ ကျိုထားတဲ့ ထန်းလျက်ရည်ပျစ်ပျစ်နဲ့ သေသေချာချာနှံ့စပ်အောင် နယ်ပေးပါနော်။
အဲ့ဒီနယ်ပြီးသားမုန့်တွေကို ပထမအဆင့်အနေနဲ့ တစ်ခုချင်းကို ပိတ်စိမ်းပါးလေးတွေနဲ့ ထုပ်ပြီး ပေါင်းကြရအောင်နော်။ ပေါင်းတဲ့အခါ ကောက်ညှင်းပေါင်း ပေါင်းတဲ့ ပေါင်းချောင်နဲ့ပေါင်းလို့ရသလို၊ ဇောက်နက်တဲ့အိုးထဲမှာ ရေထည့်ပြီး အလယ်ကနေ ဇောက်နက်နက် ဇလုံ ဒါမှမဟုတ် ချိုင့်ကို ထည့်၊ အဖုံးပိတ်ပြီး ရေနွေးကိုဆူအောင်လုပ်ပြီး အချိန်ကြာကြာပေါင်းယူလို့ ရပါတယ်နော်။ ဒါမှမဟုတ် ထမင်းပေါင်းအိုးမှာ စကာပါတဲ့အဆင့်လေး ပါပါတယ်။ အဲ့ဒီထမင်းပေါင်းအိုးကို အောက်ကနေ ရေထည့်၊ အပေါ်က စကာပါတဲ့အဆင့်လေးကို ပိတ်စိမ်းပါးလေးခင်းပြီး ပိတ်စိမ်းပါးလေးအပေါ်ကနေမှ မုန့်နှစ်တွေကို ထည့်ပြီး ရေနွေးဆူအောင်လုပ်ပြီး ပေါင်းလို့လည်း ရပါတယ်နော်။
ပေါင်းပြီးတဲ့ မုန့်တွေကိုမှ တစ်ခါပြန်နယ်ပြီး စကာနဲ့ တိုက်ချပေးပါ။ မုန့်လေးတွေ မွမွလေးတွေဖြစ်ရအောင် စကာနဲ့ တိုက်ချရတာနော်။ စကာနဲ့တိုက်ချပြီးသားမုန့်တွေကိုလည်း တစ်မျိုးတစ်ပုံစီ သီးသန့်ထားပေးပါနော်။
နောက်ဆုံးအဆင့် မုန့်ပေါင်းဖို့ ပြင်ကြရအောင်နော့့်  မြန်မာမှာတော့ မုန့်စိမ်းပေါင်း ပေါင်းတဲ့အိုးဆိုပြီး သီးသန့်ရှိပါတယ်နော်။ မုန့်စိမ်းပေါင်းဆိုရင် ရေပုံးလေးကို မှောက်ထားတဲ့ ပုံစံမျိုးလေးပဲ မြင်ဖူးကြတယ်ဆိုတော့ မုန့်စိမ်းပေါင်းကို အဲ့ဒီလိုပေါင်းရမယ်လို့ပဲ မှတ်ယူကြတယ်လေ။ ကိုယ်က နိုင်ငံရပ်ခြားရောက်နေလို့ မုန့်စိမ်းပေါင်း ပေါင်းဖို့ အိုးကို ၀ယ်ဖို့ ဘယ်လိုလိမ့်မလဲနော်။ အဲ့ဒါဆိုရင်တော့ ပုံစံမလှပေမယ့် အလုံးလေးပဲဖြစ်ဖြစ်၊ လေးထောင့်ပုံစံလေးပဲဖြစ်ဖြစ် ရအောင် မုန့်ကိုထပ်တင်ပြီးပေါင်းနိုင်ပါတယ်။
မုန့်စိမ်းပေါင်းပေါင်းတဲ့ အိုးမှာ ကတ်ပြားလေးခံလိုက်ပြီးတော့ ပိတ်စိမ်းပါးလေး ခင်းပေးပါနော်။ အောက်ဆုံးအဆင့်ကနေ ထန်းလျက်နဲ့နယ်ထားတဲ့ မုန့်သားကိုထည့်ပါနော်။ ဒုတိယအဆင့်ကိုတော့ ပဲနဲ့နယ်ထားတဲ့ မုန့်ကိုထည့်ပြီး အပေါ်ဆုံးအဆင့်မှာတော့ အုန်းနို့ပျစ်ပျစ်နဲ့ နယ်ထားတဲ့ မုန့်အဖြူကို ထည့်ပါနော်။ အဲ့ဒီမုန့်နှစ်တွေကို ပေါင်းပေးရမယ်နော်။ ပြီးရင်တော့ အောက်ကနေ ရေနွေးငွေ့နဲ့ ပေါင်းပါနော်။ အဲ့ဒါဆိုရင်တော့ သရီးကာလာ သုံးရောင်ချယ် ချိုဆိမ့်မွှေးလှတဲ့ မုန့်စိမ်းပေါင်းပူပူနွေးနွေးလေးရပါပြီနော်။ အပေါ်ကနေ ခြစ်ထားတဲ့ အုန်းသီးလေးဖြူးပြီး နှမ်းထောင်းလေးဖြူးပြီး မုန့်ပွဲလေးပြင်လိုက်ပါနော်။ ဆောင်းတွင်းချမ်းအေးအေးမှာ အနံ့အရသာနဲ့ပြည့်စုံတဲ့ ပူပူနွေးနွေး မုန့်စိမ်းပေါင်းလေးကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ကြပါနော်။
(မှတ်ချက်။ ။မုန့်စိမ်းပေါင်းပေါင်းတဲ့ မုန့်ဖိုမှာ သွားရောက်လေ့လာပြီး ရေးပေးထားခြင်းဖြစ်ပါတယ်နော်။)

7 comments:

  1. ဟိုက် ရှားလပတ်... ချာလည်သွားပြီး ၂ထပ်တိုက်မုန့် စိမ်းပေါင်းဘဲမြင်ဘူးတာ ဒုတော့ ၃ထပ်တိုက်မုန့်စိမ်းပေါင်း နဲ့  အရမ်းကြိုက်တာ ဂလောက်မလုပ်နိုင်ဘူး အတော် လက်ဝင်တာဘဲ. တော်ရိုက်ဒါ . . တော်ရိုက်ဒါ . .

    ReplyDelete
  2. ကောင်းလိုက်တဲ့ မုန့်စိမ်းပေါင်း၊ တော်တော် ကောင်းမှာပဲနော်၊ စားချင်လိုက်တာ၊ မုန့်စိမ်းပေါင်း ဆို သိပ်ကြိုက်တာ၊ ရန်ကုန်ပြန်ရင်တော့ အမြဲ စကော့ဈေးထဲက စိန်းသုံးလုံး မုန့်စိမ်းပေါင်းကို ၀ယ်စားနေကျ၊ ကိုယ်ကိုယ်တိုင်တော့ လုပ်စားဖြစ်ဖို့ မလွယ်ဘူး ထင်တယ်နော်၊ ဘာပဲဖြစ်ဖြစ် ဗဟုသုတ အဖြစ် မှတ်သား သွားပါတယ်၊ ကြုံတဲ့ အခါလုပ်စားနိုင်အောင် ပေါ့၊ ကျေးဇူးပါနော်၊

    ReplyDelete
  3. I am wondering whether you can give me more details about the ratio of the contents.
    Also is there any way we can use rice flour in making this snack?
    Thanks

    ReplyDelete
  4. thank u so much for ur trying ! now i know what i want to know the way how to make it.

    ReplyDelete
  5.ွှ့သီတာJune 22, 2010 at 7:19 PM

    လုလုရေ ... အုန်းနို့တို့၊ ထန်းညက်ရည်တို့နဲ့ နယ်တဲ့အခါ စေးပျစ်တဲ့ထိ နယ်ရမှာလား... စိုထိုင်းထိုင်းဖြစ်ရုံပဲ နယ်ရမှာလား... ပြောပြပါဦး။ ပြီးတော့ အဲဒါတွေကို ပေါင်းလိုက်ရင် စီးလုံးကြီးဖြစ်သွားတော့ စကာချလို့ရပါဦးမလား။ တို့လုပ်တာ နောက်ဆုံးတော့ ဆန်မှုံလုံးကြီးပဲ ဖြစ်သွားတယ်.... လုပ်ပါဦး.. မုံစိမ်းပေါင်းက တအားကြိုက်တော့ လုပ်စားချင်တယ်....ကျေးဇူးပဲနော်

    ReplyDelete
  6. မလုလုရေ ဖြစ်နိုင်ရင် မုန့်လုပ်နည်းအဆင့်ဆင့်ကို ဓါတ်ပုံလေးနဲ့ပါတွဲပြရင်ပိုရှင်းနိုင်တယ် တစ်ခါတစ်လေကျတော့ ရှင်းထားတာကို မျက်စိထဲသိပ်မမြင်ဘူးဖြစ်နေတယ်

    ReplyDelete
  7. yes ma lu lu, could you please attached photos from each step? Otherwise, we cannot imagine how to do :P

    ReplyDelete