Sunday, December 9, 2007

ပုဇွန်ချဉ်သုပ်နဲ့ ပိန်းဥဟင်းခါး



ဆောင်းတွင်းရောက်လာပြီဆိုတော့ ဆီပြန်ဟင်းလည်း မစားချင်၊ အကြော်အလှော်နဲ့ချည်းပဲဆိုရင်လည်း စားရတာ ခံတွင်းမတွေ့လှဘူးဖြစ်နေတုန်း ငါးချဉ်သုပ်လေးနဲ့ ဟင်းခါးလေး စားရင်ကောင်းမှာပဲလို့ တွေးမိပြီး စီစဉ်လိုက်ရတာပါနော်။
ငါးချဉ်ကို ငါးကလေးချဉ်၊ ငါးဖယ်ချဉ်၊ ပုဇွန်ချဉ်ဆိုပြီး သီးသန့်စီ သိထားပေမယ့် အခုတစ်ခါ ပဲခူးမှာနေတဲ့ သူငယ်ချင်းဆီက လက်ဆောင်ရတဲ့ ငါးချဉ်က ငါးဖယ်နဲ့ ပုဇွန်ကိုတွဲပြီး အချဉ်လုပ်ထားတာဆိုတော့ ပိုပြီးကြိုက်သွားတယ်။ ဒါပေမယ့် ငါးချဉ်၊ ပုဇွန်ချဉ်ဆိုရင် အစိမ်းအတိုင်း သုပ်စားရင် မစားရဲတဲ့သူတွေလည်း ရှိတယ်လေ။ နောက်တစ်ခါကျရင် ပုဇွန်ချဉ်လုပ်နည်းရေးပေးပါဦးမယ်နော်။ သူတို့ကတော့ ကြော်စားကြတယ်။ ကျွန်မက အစိမ်းအတိုင်း မသုပ်စားရဲတဲ့ မောင်နှမတွေအတွက် နည်းလမ်းလေး ပေးပါရစေနော်။

အသင့်ပြင်ထားရမှာကတော့ ပုဇွန်ချဉ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ငရုတ်သီးအကျက်မှုန့်၊ အချိုမှုန့်အနည်းငယ်နဲ့ ဆီတို့ပါ။ ဟင်းခါးအတွက်ကတော့ ပိန်းဥ၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ပင်စိမ်း၊ ဆား၊ ငံပြာရည်အနည်းငယ်နဲ့ အချိုမှုန့်အနည်းငယ်တို့ပါနော်။

ပိန်းဥဟင်းခါး
အသုပ်မသုပ်ခင် ဟင်းခါးအတွက် မီးဖိုပေါ် ဒန်အိုးတင်၊ အိုးထဲရေထည့်ပြီး ပိန်းဥကိုပြုတ်ပါ။ ပိန်းဥကိုပြုတ်ပြီး ကျက်ရင် အအေးခံပြီး အခွံနွှာပါ။ ပြီးတော့ ဟင်းခါးအိုးပြင်ဖို့အတွက် ဒန်အိုးလေးထဲကို ရေသင့်ရုံထည့်၊ ပြီးတော့ ပုဇွန်ခြောက်ကို မညက်တညက်လေးငရုတ်ဆုံထဲထောင်းထားတာလေး ခပ်ထည့်၊ ပြီးတော့ ဆား၊ ငံပြာရည်၊ အချိုမှုန့်လေးနည်းနည်းထည့်ပြီး ဟင်းခါးအိုးတည်ပါ။ ဟင်းခါးအိုးပွက်ပွက်ဆူလာရင် ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းစေ့ကို မညက်တညက်လေးထောင်းပြီး ခပ်ပါ။ ပြီးရင် ပိန်းဥထည့်ပြီး မီးနွေးနွေးနဲ့ ဆူအောင်ထပ်တည်ပါ။ ဒါမှ ပိန်းဥထဲ အရသာတွေလည်း ကောင်းကောင်းဝင်ပြီး နူးနူးနပ်နပ်ရှိမယ်လေ။ ဟင်းခါးအိုး ပွက်ပွက်ဆူလာပြီဆိုရင်တော့ အပေါ့အငံ အရသာကိုမြည်းပြီး ကိုယ်ကြိုက်တဲ့အရသာရပြီဆိုတာနဲ့ ပင်စိမ်းရွက်လေးအုပ်ပြီး မီးပိတ်လိုက်ရုံပါပဲနော်။

ပုဇွန်ချဉ်သုပ်
အသုပ်သုပ်ဖို့အတွက် ကြက်သွန်ဖြူနဲ့ အနီကို အခွံနွှာပြီး ရေဆေးပါ။ ပြီးရင် ကြက်သွန်နီကို ပါးပါးလှီး၊ ရေဆေးပစ်ပြီး ရေစစ်ထားပါ။ ကြက်သွန်ဖြူကိုလည်း ကျောဘက်ကနေ အရှည်လိုက် ခပ်ပါးပါးလှီးပါ။ နံနံပင်ကိုလည်း ခပ်ပါးပါးလေး လှီးပေးထားပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး လှီးထားပါ။ ငါးဖယ်ပုဇွန်ချဉ်ကိုလည်း လှီးပြီး သုပ်မယ့် ပန်းကန်ထဲ ထည့်ထားပေးပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ်ဒယ်အိုးတင်၊ ပြီးတော့ဒယ်အိုးထဲကို ဆီနည်းနည်းထည့်ပြီး ဆီကျက်အောင်တည်ပေးပါ။ ဆီကျက်ပြီဆိုရင်တော့ ပုဇွန်ချဉ်အပေါ်ကနေ လောင်းချလိုက်ပါနော်။ အဲ့ဒါဆိုရင်တော့ ဆီကျက်ရဲ့ အပူရှိန်နဲ့ ပုဇွန်ချဉ်ကို နည်းနည်းကျက်သွားစေပါတယ်။ ပြီးတော့မှ ခုနက လှီးထားတဲ့ကြက်သွန်ဖြူနီ၊ နံနံပင် ငရုတ်သီးစိမ်း၊ ငရုတ်သီးအကျက်မှုန့်၊ အချိုမှုန့်နည်းနည်းထည့်ပြီး သေသေချာချာနှံ့အောင်နယ်ပေးပါ။ အဲ့ဒါဆိုရင်တော့ ပုဇွန်ချဉ်သုပ်ရပြီ။
ပုဇွန်ချဉ်သုပ်ချဉ်စပ်လေးနဲ့ ပိန်းဥဟင်းခါး ပူပူနွေးနွေးလေးနဲ့ အားပေးကြပါဦးနော်။

4 comments:

  1. အကောင်ချဉ်ကိုပိုကြိုက်တယ်
    အမရေ..

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ဒါလဲကြိုက်တယ်။ ဂွတ်ရှယ်!

    ReplyDelete
  4. I decide to open your blog whenever I am having dinner at home:D

    ReplyDelete